သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီလိုအပ်နေဆဲ


ဧရာဝတီတိုင်း ကျာင်းကုန်းမှာ ရေကြီးနေဆဲ (သြဂုတ်လ ၁၂၊ ၂၀၁၆) ဓါတ်ပုံ- ရိုက်တာ

ရေလွှမ်းမိုးဒဏ် အဆိုးရွာဆုံးခံနေရတဲ့ ဧရာဝတီတိုင်းတွင်း အရေးပေါ် စားနပ် ရိက္ခာထောက်ပံမှု အလုံအလောက် မရရှိသေးတဲ့ အတွက်ရေဘေး ဒုက္ခ သည်တွေဟာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရဆြဲ ဖစ်ကြောင်း ဒေသ ခံတွေကပြောပါတယ်။

အခုလို ရေဘေးသင့်တဲ့အခြေအနေ ဆိုးရွားနေပေမဲ့ လက်တလော အခြေအနေ မှာတော့ အဲဒီဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ အစိုးရဘက်မှာ အစီအစဉ်မရှိသေးဘူးလို့မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ရေဘေးကယ်ဆယ်ရေး သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ဧရာဝတီတိုင်း ညောင်တုန်းနဲ့ ပုသိမ်အပါအ၀င် မြို့နယ် အတော်များများ မှာ ရေလွှမ်းမိုးမှုအခြေအနေ ဆိုးရွာနေ ဆဲဖြစ် တာကြောင့် ရေဘေးဒုက္ခ သည်တွေအတွက် ခိုလှုံရာနေရာတွေအပြင် အရေးပေါ်စားနပ်ရိက္ခာ အလုံ အလောက်ရရှိရေး အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း ညောင်တုန်း က ရေဘေးသင့် လယ်သမားကြီးတဦးက အခုလိုပြောပြပါတယ်။

“အကုန်ဆုံးရှုံးတဲ့ အနေအထားမှာဖြစ်သွားပါပြီ။ ရေကလည်း အခုအချိန်ထိ အရှိန်မြင့်နေတုန်းပဲ။ နေမှု၊ ထိုင်မှု၊ စားဝတ်နေရေးလဲ အတော်လေး ချို့တဲ့နေတဲ့အနေအထား ရောက်နေကြပါတယ်။”

အလားတူ ပုသိမ်မြို့နယ် ဘက်မှာလည်း ရေဘေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးရွားနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ရေမြှပ်နေတဲ့အတွက် လူတွေ ရွှေ့ပြောင်းနေထိုင်ဖို့ တအားခက်ခဲပြီးတော့ ကျန်းမာရေးနဲ့ စာရေး၊ သောက်ရေးမှာလည်း အခက်အခဲရှိနေတယ်။ အဲဒီလို ဒုက္ခရောက်နေတဲ့ ဒေသခံတွေကို အလှူရှင်တွေက လာလှူတဲ့အပေါ်မှာပဲ စားသုံးနေရတယ်။ ရေတွေကလည်း မသန့်တဲ့အတွက် ကျနော်တို့ ကျန်းမာရေးလည်း အတော်လေးထိခိုက်နေပါတယ်။”

လက်ရှိ ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေအတွက် မနေ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံ ကုမ္ပဏီတချို့က စတင်ပြီး လာရောက် လှူဒါန်းခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

“ဒီနေ့ ပထမဆုံးလာပြီး လှူတာပါရှင့်။ ဒီနေ့မှ အခုလို တရုတ်တို့ နိုင်ငံခြားသားတွေမြင်ဘူးတာပါ။ ဒီနေ့ ဆိုလို့ရှိရင် အိမ်ထောင်စု (၁၀၈) စု၊ ရွာပေါင်း (၂၀) အတွက် ကျမတို့ အဆင်ပြေသွားပါပြီ။”

တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အခုလို ရေဘေးသင့်ဒေသတွေကို သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ အစိုးရဘက်မှာ အစီအစဉ်မရှိသေးတာဟာဥပဒေ အချက်အလက်တွေနဲ့ ကိုက်ညီမှု မရှိသေးတာကြောင့်ဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောဆိုခဲ့ပါတယ်။

“အဲတော့ ဒီဒေသဟာ အလွန်ဘေးအန္တရာယ်ကျရောက်တယ်၊ အုပ်ချုပ်ရေးအရ၎င်း၊ လုံခြုံရေးအရ၎င်း ဘေးအန္တရာယ်ကျရောက်နေပြီး အသက်အိုး အိမ်စည်ဇိမ်တွေလည်း အများကြီးထိခိုက်နေပြီ ဒါက တချက်၊ နောက်တချက် အဲဒီဒေသဟာ ပြန်ပြီးတော့ မူလအခြေအနေ ပြန်ရောက်ဖို့အတွက် အလွန်အခက်အခဲရှိသည်ဟု ယုံကြည်ပါက ဆိုတော့ အဲဒီအခြေအနေမရောက်သေးပါဘူး။ ဒါကြောင့် မကြေညာခြင်းဖြစ်ပါတယ်။”

ဒါပေမဲ့ NLD အစိုးရအနေနဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံဖို့ ဘတ်ဂျက်ရံပုံငွေ မြန်မာကျပ်ငွေ ၂၀ ဘီလီယံထားရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီနှစ်မှာဆိုလိုရှိရင် နိုင်ငံတော်အစိုးရကနေပြီး ဧပြီလကစပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေခေါင်းစဉ်နဲ့ ၂၀ ဘီလံယံကျပ် ထည့်ထားပါတယ်။”

ဇူလိုင်လ အလယ်ပိုင်းကစတင်ပြီး တိုင်းနဲ့ ပြည်နယ် (၈)ခုမှာ ရေကြီးရေလျံမှုကြောင့် လူ(၈)ဦးသေဆုံးပြီး လေးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ လည်း ဦးစိုးအောင်က ပြောပါတယ်။ ရေလွှမ်းမိုးဒဏ်ခံခဲ့ရတဲ့ဒေသတွေကတော့ ကချင်၊ ချင်းနဲ့ မွန်ပြည်နယ်အပါအ၀င်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းတွေဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန် လည်နေရာ ချထား ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG