သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်လန်းဒိုး တိုက်ခိုက်သူက IS သစ္စာခံထားကြောင်း ရဲကိုပြောကြားခဲ့


 အော်လန်းဒိုး ရဲချုပ် John Mina က ပစ်ခတ်မူအကြောင်း မီဒီယာနှင့်တွေ့ဆုံစဉ်
အော်လန်းဒိုး ရဲချုပ် John Mina က ပစ်ခတ်မူအကြောင်း မီဒီယာနှင့်တွေ့ဆုံစဉ်

ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့က လိင်တူချစ်သူတွေသွားတဲ့ ညကပွဲရုံမှာ လူပေါင်း ၅၀ ကို သတ်ခဲ့သူအဖြစ် သံသယရှိသူ အသက် ၂၉ နှစ်အရွယ်အမျိုးသားဟာ ပစ်ခတ်မှုမတိုင်ခင် အချိန်တိုအတွင်း သူဟာ IS အဖွဲ့ရဲ့သစ္စာခံဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အမေရိကန် ရဲ အရာရှိတွေက ပြောပါတယ်။

Omar Saddiqui Mateen က တိုက်ခိုက်မှုမတိုင်ခင် တနင်္ဂနွေနေ့ အစောပိုင်းက အရေးပေါ်ဖုန်းလိုင်းနံပါတ် 911 ကိုခေါ်ပြီး သူဘယ်သူ ဆိုတာကို ပြောပြခဲ့ပြီး IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သစ္စာခံထားကြောင်း ပြောကြားခဲ့တာပါ။

“ဒါ့အပြင် Mateen ဟာ ၂၀၁၃ ခုနှစ်က လူ ၃ ယောက်သေပြီး ၂၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဘော့စတွန် မာရသွန်ပြေးပွဲ ဗုံးဖောက်ခွဲခဲ့တဲ့ Chechen နွယ်ဖွား ညီအကိုနှစ်ယောက်ကိုလည်း ရည်ညွှန်းပြီး ပြောသွားခဲ့ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။”

သမ္မတအိုဘားမားက အော်လန်းဒိုး ညကပွဲရုံက တိုက်ခိုက်ခံရမှုဟာ အမေရိကန်သမိုင်းမှာ အသေအပျောက်အများဆုံး ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖျက်ဆီးရမ်းကားမှုအဖြစ် ခေါ်ဆိုခဲ့ပြီး - “ဒါဟာ အကြမ်းဖက်လုပ်ရပ်နဲ့ မုန်းတီးမှုလုပ်ရပ်တခုဖြစ်တယ်”တယ်လို့လည်း ပြောပါတယ်။ နောက်ထပ် ဒဏ်ရာရထားသူ ၅၃ ယောက်ရှိပြီး အများအပြားက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

“လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ စတင် စစ်ဆေးနေဆဲဖြစ်ပြီး သေနတ်သမားက ဘာကြောင့် အခုလို လုပ်ခဲ့သလဲဆိုတာကို အဆုံးအဖြတ်ပေးဖို့ စောသေးကြောင်း သတိပေးခဲ့ပါတယ်။”

သေနတ်သမား Mateen ရဲ့ဖခင် Mir Seddique က သူ့သားဟာ လိင်တူစုံမက်သူတွေကို မနှစ်မြို့တဲ့စိတ်အခံနဲ့ ပြုမူခဲ့တာဖြစ်နိုင်ကြောင်းနဲ့ မွတ်ဆလင် ယုံကြည်ကိုးကွယ်မှုနဲ့ မသက်ဆိုင်ကြောင်း NBC ရုပ်သံသတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါက ဘာသာရေးနဲ့မဆိုင်ပါဘူး၊ သူက - သူ့ဇနီးနဲ့သူ့သားရှေ့မှာ ယောက်ကျားချင်း အပြန်အလှန်နမ်းရှုတ်နေတာတွေ့ရင် အရမ်းဒေါသကြီးလာတယ် - လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဖခင်ဖြစ်တဲ့ Seddique က ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေကို တောင်းပန်ခဲ့ပြီး သူ့ရဲ့လုပ်ရပ်ကို ကျနော်တို့ အသိအမှတ်မပြုပါဘူး၊ တနိုင်ငံလုံးနဲ့ထပ်တူ ကျနော်တို့လည်း တုန်လှုပ်ခြောက်ခြားရပါတယ် လို့ ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG