သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS ကို ဆီးရီးယား အတိုက်အခံ Kurds နဲ့ ပေါင်း တိုက်မည်


ISIS တပ်ဖွဲ့များ။
ISIS တပ်ဖွဲ့များ။

ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်ထဲ ကျရောက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် ဆီးရီးယား ကာဒ့်လူမျိုးတွေနဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့က တပ်သားတွေ ပူးပေါင်းလိုက်တယ်လို့ တူရကီ သမ္မတ က ပြောဆိုပါတယ်။ အနောက်အုပ်စုက ထောက်ခံထားတဲ့ သူပုန်တပ်ဖွဲ့ဝင် ၁၃၀၀ကို ဆီးရီးယား မြောက်ပိုင်း တူရကီ နယ်စပ်ကို ပို့ဆောင်ဖို့ အတွက် ကာဒ် တိုက်ခိုက်ရေး သမားတွေ အပြီးသတ် စီမံပြီးပြီလို့ တူရကီ သမ္မတ Recep Tayyip Erdogan က သောကြာနေ့မှာ သတင်းထောက်တွေ ကို ပြောခဲ့တာပါ။

ဆီးရီးယား နိုင်ငံတွင်းက ကိုဘာနီမြို့ကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ အတွက် ကာဒ့်လူမျိုး တိုက်ခိုက်ရေး သမားတွေ တိုက်ခိုက်နေတာဟာ တလကျော် ၂ လတွင်း ကို ရောက်ရှိခဲ့ပါပြီ။ ISIS အစ္စလာမ္မစ် စစ်သွေးကြွတွေက စက်တင်ဘာလထဲမှာဘဲ တူရကီ နယ်စပ်နဲ့ သိပ်မဝေးလှတဲ့ ဒေသတွေမှာ စပြီး ထိုးစစ်ဆင်လာတာမို့ တူရကီ အစိုးရ ဟာလည်း ISIS ဆန့်ကျင် တိုက်ဖျက်ရေးမှာ ပါဝင်လာရပါတယ်။

ဒါပေမယ့်လို့လည်း အမေရိကန်တို့ ဦးဆောင်တဲ့ ISIS တွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ပူးပေါင်းတိုက်ခိုက်နေမှုမှာတော့ တူရကီတို့ စစ်ရေး အရ ပါဝင်တာ မရှိသေးပါဘူး။ အီရတ် နိုင်ငံတွင်းမှာ ပြင်သစ်တို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုက IS အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ လက်နက် သိုလှောင်ရုံကို ဖျက်ဆီးခဲ့ပါတယ်။

ISIS အစ္စလာမ္မစ်တွေကို တိုက်ခိုက်နေတဲ့ ဒေသခံ မြေပြင် တပ်ဖွဲ့တွေကို အထောက်အကူပေးတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ဥရောပ နိုင်ငံတွေ၊ မဟာမိတ် အာရပ် နိုင်ငံတွေနဲ့ အတူ ပူးပေါင်းပြီး အီရတ်နဲ့ ဆီးရီးယား နိုင်ငံ တွင်းမှာ နေ့စဉ်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်ထဲ ကျရောက်နေတဲ့ အီရတ် နယ်မြေတွေ ပြန်သိမ်းရေး ထိုးစစ်ဆင်ဖို့ အီရတ် စစ်တပ်အနေနဲ့ လနဲ့ချီပြီး အချိန်ယူရဦးမယ်လို့ အမေရိကန် စစ်တပ်က ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

XS
SM
MD
LG