သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ဟက်ဇ်ဘိုလာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်


အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား အပစ်ရပ်စဲရေးသဘောတူညီချက်အသက်ဝင်ပြီးနောက် လက်ဘနွန်တောင်ပိုင်းက စစ်ရှောင် မိန်းကလေးတဦး နေရပ်ပြန်စဥ်။ (နိုဝင်ဘာ ၂၇၊ ၂၀၂၄)
အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား အပစ်ရပ်စဲရေးသဘောတူညီချက်အသက်ဝင်ပြီးနောက် လက်ဘနွန်တောင်ပိုင်းက စစ်ရှောင် မိန်းကလေးတဦး နေရပ်ပြန်စဥ်။ (နိုဝင်ဘာ ၂၇၊ ၂၀၂၄)

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒီကနေ့ နိုဝင်ဘာ ၂၇ရက် မနက်အစောပိုင်းမှာ စတင် အသက်ဝင်ပါတယ်။ ဒီ ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကနေ ဂါဇာမှာပါ အပစ်ရပ်ရေးလမ်းကြောင်းပေါ်ကို ဦးတည်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေကလည်း ပြောပါတယ်။

အစ္စရေးလွှတ်တော်က မနေ့ အင်္ဂါနေ့မှာ အတည်ပြုပေးလိုက်တဲ့ ဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့က အဓိက ကြားဝင် ဆောင်ရွက်ပေးခဲ့ကြတာပါ။

အမေရိကန်သမ္မတ Joe Biden ကတော့ ဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အရေးပါတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ မနေ့က သဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာ ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ချိန်ကစလို့ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို မော်တော်ကားတွေ အများအပြား ဦးတည်သွားနေကြပါတယ်။ ဒီလူတွေဟာ လနဲ့ချီဖြစ်ပေါ်ခဲ့တဲ့ အစ္စရေးနဲ့ Hezbollah အဖွဲ့ကြားကတိုက်ပွဲတွေအတွင်း ဘေးလွတ်ရာကို ထွက်ခွာသွားပေးကြဖို့ အစ္စရေးရဲ့ ညွန်ကြားချက်တွေကြောင့် တခြားနေရာတွေကိုထွက်ခွာ ရှောင်တိမ်းနေခဲ့ကြသူတွေ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ အရင်က ဘေးလွတ်ရာကို ရှောင်တိမ်းပေးကြဖို့ ညွန်ကြားချက် ထုတ်ပြန်ထားတဲ့ နေရာတွေက ဒေသခံတွေအနေနဲ့ နေရပ်ပြန်မလာကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG