အစ္စရေးနိုင်ငံမှာ ရှေ့နှစ်ဆန်း ဥပဒေသစ် စတင်ကျင့်သုံးတဲ့အခါ ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းမှာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂကို ဒီကနေ့ပဲ တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီနဲ့ အဆက်ဖြတ်ပြီး နိုင်ငံတွင်းမှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားမြစ်လိုက်တဲ့ ဥပဒေကို အစ္စရေးလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် အခုနောက်ဆုံး တရားဝင် အကြောင်းကြားလိုက်တာပါ။
UNRWA လုပ်ငန်းတွေမှာ ဟားမတ်စ်တွေ ထိုးဖောက်ဝင်ရောက်နေကြောင်း ခိုင်မာတဲ့ အထောက်အထားတွေနဲ့ တင်ပြခဲ့ပေမဲ့ ကုလသမဂ္ဂက ပြုပြင်တာ မရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးကို ဟားမတ်စ်တွေကျူးကျော်တိုက်ခိုက်ချိန်မှာ UNRWA ဝန်ထမ်းတွေ ပါဝင်ကြောင်း အစ္စရေးက အချိန်အတော်ကြာ ကတည်းက စွပ်စွဲထားတာပါ။
စွပ်စွဲချက်နဲ့ ပတ်သက်လို့ အစ္စရေးက အထောက်အထား အနည်းအကျဉ်းသာ ပြသနိုင်ခဲ့ပြီး အထောက်အထား အခိုင်အမာပြသဖို့ တောင်းဆိုထားတာကို အစ္စရေးက တုံ့ပြန်တာ မရှိဘူးလို့လည်း UNRWA အကြီးအကဲ Philippe Lazzarini က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။ ဟားမတ်စ်တွေကို လက်တုံ့ပြန် စစ်ဆင်နေတဲ့ ဂါဇာဒေသမှာ အကူအညီ အထောက်အပံ့တွေကို UNRWA က အဓိကဖြန့်ဖြူးပေးနေတာပါ။ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် လူဦးရေ ၂.၃ သန်းရှိတဲ့ ဂါဇာမှာ ၉၀ ရာခိုင်နှုန်းလောက် နေရပ်စွန့်ခွာနေရပါတယ်။
Forum