သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ပါလက်စတိုင်း တိုက်ရိုက် ဆွေးနွေးပွဲ ပြန်စတင်တော့မည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အစ္စရေး နဲ့ ပါလက်စတိုင်းတို့ကြား တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုတာတွေကို ရှေ့လကျရင် ၀ါရှင်တန်မှာ ပြန်လည် လုပ်ဆောင်ကြဖို့ ၂ ဘက်စလုံးကို သောကြာနေ့က တရားဝင် ဖိတ်ကြား လိုက်ပါတယ်။ တိုက်ရိုက်ဆွေးနွေးပြောဆိုတာတွေ ၂ နှစ် နီးပါးလောက် ရပ်ဆိုင်းသွားပြီးတဲ့နောက် အခုလို ဖိတ်ကြားလိုက်တာ ဖြစ်ပါတယ်။ ၁ နှစ်အတွင်း ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်တယ်လို့ ယုံကြည်ကြောင်း၊ အကယ်၍ လိုအပ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ပဲလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဗွီအိုအေသတင်းထောက် David Gollust သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အစ္စရေးလ် နဲ့ ပါလက်စတိုင်းကြားမှာ တဆင့်ခံ ဆွေးနွေးပြောဆိုမှုတွေကို အမေရိကန်ဘက်က လပေါင်းများစွာ ကြိုးပမ်း လုပ်ဆောင်ပြီးတဲ့နောက်မှာ၊ အမေရိကန်ပြည်ထောင်စုရဲ့ ဖိတ်ကြားမှုကို ၂ ဘက်စလုံးအနေနဲ့ လက်ခံလိမ့်မယ်လို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက အရမ်းကိုမျှော်လင့်ထားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တရားဝင် ဆွေးနွေးပွဲတွေကို ပြန်လည် မစတင်ခင်တရက်မှာ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အစ္စရေးလ်၊ ပါလက်စတိုင်း ၊ အီဂျစ် ခေါင်းဆောင်တွေကို စက်တင်ဘာ ၁ ၇က်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အီဂျစ်သမ္မတ ဟိုစနီ မူဘာရက်ခ် နဲ့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာတို့လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ တက်ရောက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့အတွက် အာရပ်နိုင်ငံတွေရဲ့ အဆက်မပြတ် ထောက်ခံမှုတွေကလည်း အဓိက အရေးပါလှပါတယ်။

ဝန်ကြီးကလင်တန်က တိုက်ရိုက်ဆွေးနွေးပြောဆိုမှုကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ရှားကြဖို့ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါ့အပြင် အခက်အခဲတွေကို မျှော်လင့်ထားဖို့ လိုတယ်လို့လည်း ၀န်ကြီးကလင်တန်က ၀န်ခံခဲ့ပါတယ်။

“အတားအဆီး အခက်အခဲတွေ ကြုံရမယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ငြိမ်းချမ်းရေးရဲ့ ရန်သူတွေက ကျနော်တို့ကို အနိုင်ယူပြီး ဆွေးနွေးမှုတွေကို အနှောက်အယှက် ဖြစ်အောင်ဆက်ပြီး လုပ်နေမှာပါ။ ဒါပေမဲ့ နှစ်ဘက်စလုံးကို စိတ်ရှည်သည်းခံကြဖို့ ၊ အခက်အခဲတွေ ရင်ဆိုင်နေရပေမဲ့လည်း ရှေ့ဆက်ပြီး လုပ်သွားကြဖို့နဲ့ ဒေသတွင်းမှာ ရေရှည် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်သွားကြဖို့ ကျမ တောင်းဆိုထားပါတယ်။”

ဝါရှင်တန်မှာ တွေ့ဆုံ ဆွေးနွေးပြီးသွားရင်တော့ တိုက်ရိုက်ဆွေးနွေးမှုတွေဟာ ဒေသတွင်းမှာပါ ဖြစ်လာနိုင်ချေရှိတယ်လို့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် ဂျော့ရှ်မစ်ချဲလ် က ပြောပါတယ်။ ဒုက္ခသည်ပြဿနာ၊ ဂျေရုစလင်မြို့ နဲ့ ပတ်သက်တဲ့ ပြဿနာတွေလိုမျိုး ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပါဝင်တဲ့ ပြဿနာတွေအားလုံးရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကပဲ အပြီးသတ် ဆွေးနွေးရမှာဖြစ်တယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။ ဒါပေမဲ့ လိုအပ်မယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ပဲလို့ သူက ပြောကြားလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ၊ တကယ်လို့ လိုအပ်မယ်၊ သင့်တော်မယ်လို့ ယူဆတယ်ဆိုရင်၊ ကျနော်တို့က ကြားဝင် စေ့စပ်ပေးသွားမှာပါ။ ဒါပေမဲ့ ကျနော်တို့က ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ သူတွေရဲ့ အခန်းကဏ္ဍတွေကို ဖယ်ရှားပစ်တာ ဒါမှမဟုတ် အစားထိုးဝင်ယူတာတွေ တနည်းနည်းနဲ့ လုပ်လိမ့်မယ်လို့ ဘယ်သူကိုမှ မထင်စေချင်ပါဘူး။ နှစ်ဘက်စလုံးအနေနဲ့ နောက်ဆုံးမှာ သဘောတူကြလိမ့်မယ်ဆိုတဲ့ အမြင်မျိုးလည်း ကျနော်တို့မှာ မရှိပါဘူး။

အထက်လွှတ်တော် လူများစုပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ၁၉၉၀ ပြည့်လွန်နှစ်တွေက မြောက် အိုင်ယာလန် ငြိမ်းချမ်းရေးအတွက် ကြားဝင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်တဲ့ ဂျော့ခ်ျ မစ်ချဲလ်က သူ့အနေနဲ့ ဒီငြိမ်းချမ်းရေး လုပ်ဆောင်ချက် ဘယ်လောက် ခက်ခဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး သံသယမရှိမိဘူးလို့ သူက ပြောပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်း လူ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရှိသလို ဒေသတွင်းမှာလည်း ရှိနေပါတယ်။ ဒါပေမယ့် အဲဒီလူတွေ အနေနဲ့လည်း ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကို အနှောက်အယှက်မပေးသင့်ပါဘူးလို့ သူကပြောပါတယ်။ ဒါ့အပြင် မြောက်အိုင်ယာလန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတုန်းက ရက်ပေါင်း ၇၀၀ လောက် မအောင်မမြင်ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ တရက်တည်းနဲ့ ငြိမ်းချမ်းရေးရသွားခဲ့တယ်လို့ သူက ပြောပါတယ်။

“စိတ်ရှည်သည်းခံဖို့၊ ထပ်ခါတလဲလဲ ပြန်လုပ်ဖို့အတွက် ဆန္ဒရှိဖို့ လိုပါတယ်။ ဒါ့အပြင် ပထမဆုံး သဘောတူညီမှုမရတာနဲ့ လုံးဝ သဘောတူညီမှု မရနိုင်တော့ဘူးလို့ မထင်ကြဖို့လိုသလို၊ အခါ ၅၀ ဒါမှမဟုတ် အခါ ၁၀၀ လောက် သဘောတူညီမှုမရတာကိုလည်း လုံးဝသဘောတူညီမှု မရနိုင်တော့ဘူးလို့ မထင်ကြဖို့ လိုပါတယ်။ ကျနော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်နေသလို၊ ဆုံးဖြတ်ချက်လည်း ချထားပါတယ်။ ဒေသတွင်းမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်လာဖို့အတွက် အခြေခံ အကြောင်းအချက်တွေ ရှိနေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကိုလည်း ကျနော်တို့ဖြစ်အောင် လုပ်နေပါတယ်။”

ဒီကြေညာချက်နဲ့ ထပ်တူ ဥရောပသမဂ္ဂ၊ ရုရှား ၊ ကုလသမဂ္ဂ နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အရှေ့အလယ်ပိုင်းဒေသ ၄ ပွင့်ဆိုင်အဖွဲ့ကလည်း တိုက်ရိုက်ဆွေးနွေးမှုကို ထောက်ခံတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး၊ နှစ်ဘက်စလုံးကိုလည်း ရန်စတဲ့လုပ်ရပ်တွေ နဲ့ အမျက်ဒေါသထွက်စေမယ့် ပြောဆိုမှုတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မျှော်မှန်းထားတဲ့ သဘောတူညီချက်က ၁၉၆၇ ခုနှစ် စတင်ပြီး ကျူးကျော်သိမ်းယူမှုတွေကို အဆုံးသတ်စေမှာဖြစ်ပြီး၊ အဲဒီကနေတဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် နဲ့ ၂၀၀၁ ခုနှစ် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲက မျှော်မှန်းထားတဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ ဒီ ၄ ပွင့်ဆိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG