သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လက်တုံ့ပြန်မှု ပါလက်စတိုင်း ၆ ဦးသေ


အရှေ့အလယ်ပိုင်းက ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာ လေးရက် ရှိနေပြီ ဖြစ်လို့ နိုင်ငံတကာ အသိုင်း အဝိုင်းက စိတ်ပူနေပြီးတော့ အစ္စရေးတွေရဲ့ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလစ်စတိုင်း ၆ ဦး သေဆုံးသွားရသလို ပါလစ်စတိုင်း စစ်သွေးကြွတွေ ကလည်း တနင်္လာနေ့က အစ္စရေး တောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ထပ်ပြီးတော့ ပစ်ခတ်နေတာပါ။

အစ္စရေးတို့ရဲ့ မနေ့က လေကြောင်း တိုက်ခိုက်မှု ကြောင့် စစ်သွေးကြွ လေးဦး အပြင် အသက် ၆၀ ဖခင် ဖြစ်သူ နဲ့ သူ့ရဲ့ သမီး ဒီလို အရပ်သား နှစ်ဦးလည်း သေဆုံးသွားရတယ် လို့ ပါလစ်စတိုင်းက ကျန်းမာရေး ဝန်ထမ်းတွေ က ပြောပါတယ်။ အစ္စရေးတို့ရဲ့ လေယာဉ်က လက်နက် သိုလှောင်ရုံ တစ်ခုနဲ့ ဒုံးကျည် ပစ်တင်တဲ့ နေရာတွေ အပါအဝင် စစ်သွေးကြွ ပစ်မှတ် တော်တော်များများကို မှန်အောင် ပစ်ခတ်နိုင်ခဲ့ တယ် လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။

ဂါဇာ စစ်သွေးကြွတွေကလည်း မနေ့က အစ္စရေး တောင်ပိုင်းကို ဒုံးကျည် အစင်း ၃၀ ပစ်ခတ်ခဲ့ ပြီးတော့ အဲဒီ အထဲမှာ တော်တော်များများက လူနေ ရပ်ကွက်တွေကို ထိမှန်ခဲ့ပါတယ်။ လူသေဆုံး ဒဏ်ရ ရတဲ့ သတင်း တော့ မကြားရပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေ ကြောင့် ပါလစ်စတိုင်း ၂၄ ဦး သေဆုံး သွားရပြီးတော့ သေဆုံးသူတွေ အများစုက စစ်သွေးကြွတွေ ဖြစ်ကြပါတယ်။

ပါလစ်စတိုင်း စစ်သွေးကြွတွေကတော့ အစ္စရေး တောင်ပိုင်းကို ဒုံးကျည် တစ်ရာကျော်နဲ့ ပစ်ခတ်ခဲ့လို့ တိုင်း လယ်ယာ စိုက်ပျိုးရေး အလုပ်သမား အများအပြား ဒဏ်ရာ ရသွားပြီးတော့ ကျောင်းတွေလည်း ပိတ်ထား ရသလို အစ္စရေး ဒေသခံ သိန်းပေါင်းများစွာရဲ့ နေ့စဉ် ဘဝတွေ ထိခိုက်နေရပါတယ်။

ဒီ ဂါဇာ နဲ့ အစ္စရေး က နောက်ဆုံးဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေ ကြောင့် အထူး စိုးရိမ် ပူပန်ပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ အစ္စရေး အရပ်သားတွေက ဒုံးကျည်နဲ့ ပစ်ခတ်တာ လုံးဝ လက်မခံ နိုင်ကြောင်း သူက မနေ့ကပဲ ပြောသွားပြီးတော့ အစ္စရေးတို့ဘက် ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG