သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသမဂ္ဂ အခွင့်အရေး စိုးရိမ်ရတဲ့နိုင်ငံထဲ မြန်မာပါဝင်


မြန်မာနိုင်ငံဟာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားသမဂ္ဂ အခွင့်အရေးအတွက် စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ ITUC နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေအတွက် ကြီးမားတိုးတက်တဲ့ ပြောင်းလဲမှုတွေ ကြုံလာရပေမဲ့လည်း၊ လက်တွေ့ပိုင်းမှာ သမဂ္ဂအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ထောက်ပြတာပါ။ အသေးစိတ်ကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွေ ပေါ်ထွက်လာတာဟာ တိုးတက်မှုဖြစ်ပေမဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ သဘောတူညီချက် ၈၇ အရဆိုရင်တော့ အလုပ်သမားအတွက် အခွင့်အရေး ပြည့်ပြည့်၀၀ မရသေးဘူးဆိုပြီး ITUC က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာအရပ်ရပ်က အလုပ်သမားသမဂ္ဂ အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာကို ITUC က ဒီကနေ့ ထုတ်ပြန်ရာမှာ မြန်မာအပါအဝင် ၆ နိုင်ငံကို အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုအတွက် အန္တရာယ်ရှိနေတဲ့ နိုင်ငံတွေအဖြစ် မီးမောင်းထိုး ဖော်ပြထားပါတယ်။ အပြောင်းအလဲတွေ လုပ်ခဲ့ပေမဲ့လည်း လက်တွေ့ပိုင်းမှာ သမဂ္ဂလှုပ်ရှားမှုတွေကို ခြိမ်းခြောက်တာ၊ သမဂ္ဂအဖွဲ့ဝင်တွေကို အကြပ်ကိုင်တာမျိုးတွေ ရှိနေတယ်လို့ ITUC အလုပ်သမားသမဂ္ဂ အခွင့်အရေးဆိုင်ရာအရာရှိ မဂျ်ဘူလန် စဟမ်း (Majbulan Saham) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်တွေ လုပ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့လည်း လုံလောက်မှု မရှိသေးဘဲ ပြဿနာရပ်တွေ ရှိနေတုန်းပါ။ အဓိက ပြဿနာကတော့ အလုပ်သမားသမဂ္ဂ အခွင့်အရေးပါ။ လက်တွေ့ပိုင်းဆိုင်ရာမှာ အလုပ်သမားသမဂ္ဂဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ သမဂ္ဂလုပ်ချင်တဲ့ သူတွေကို ခြိမ်းခြောက် အကြပ်ကိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့လို့လည်း သမဂ္ဂစည်းရုံးလှုပ်ရှားမှုတွေ လုပ်ကိုင်ခွင့်ရတဲ့ တိုးတက်မှုတွေကိုတော့ ကြီးကြီးမားမားကို တွေ့ရပါတယ်”

အစီရင်ခံစာထဲ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂပေါင်း ၄၀၀ ကျော် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပေမဲ့လည်း၊ အလုပ်သမား သမဂ္ဂဝင်တချို့နဲ့ အလုပ်သမား ခေါင်းဆောင်တချို့ဟာ ဥပဒေကြောင်းကနေ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုအတွက် ပြန်ပြီး အရေးယူခံရတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

အစိုးရဝန်ကြီးဌာန ၄ ခုမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းဖို့ ကြိုးစားကြတဲ့ ခေါင်းဆောင်တွေ နယ်ဝေးဒေသတွေဆီ ပြောင်းရွှေ့ခံရတယ်လို့လည်း ITUC အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အခုလို အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကို ကန့်သတ်ချက်အပြင်၊ အချို့နယ်တွေမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်တာကို ITUC က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

“နောက်ပြဿနာတရပ်ကတော့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုပါ။ ဒါတွေ လျော့ပါးလာပေမဲ့လို့ လုံးဝကြီး ပျောက်သွားတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်လိုမျိုး ပဋိပက္ခတွေ ရှိနေတဲ့ ဒေသတွေမှာ ဖြစ်နေတာပါ။ တွေ့ရတဲ့ ပြဿနာကတော့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ကျူးလွန်တဲ့ အာဏာပိုင်တွေကို အရေးမယူဘဲ ခွင့်ပြုထားတာပါ။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ကျူးလွန်တဲ့ စစ်ဘက်ဖြစ်ဖြစ် အရပ်ဘက်ဖြစ်ဖြစ် တာဝန်ရှိသူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေအရ တင်းတင်းကြပ်ကြပ် ကိုင်တွယ် အရေးယူမှုမျိုး မရှိပါဘူး။”

တချိန်တည်းမှာလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ပြီဆိုပြီးတော့ အလုအယက် ဝင်လာကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေကို အလေးမထားကြမှာ စိုးရိမ်ပူပင်တယ်လို့ ITUC အရာရှိ မဂျ်ဘူလန် စဟမ်း (Majbulan Saham) က ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် အစိုးရ အာဏာပိုင်တွေဘက်က တိတိကျကျ အရေးယူမှုတွေ စလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“လယ်သိမ်းယာသိမ်းကိစ္စကလည်း ပြဿနာတရပ်ပါ။ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပြီးတဲ့နောက် ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံကို အခွင့်အလမ်းတခုလို အပြေးအလွှား သွားကြရာမှာ လူ့အခွင့်အရေး ရှုဒေါင့်ကို ထည့်သွင်း မစဉ်းစားတဲ့အပေါ်မှာလည်း စိုးရိမ်ပူပင်မိပါတယ်။ ဒါတွေကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာမှာကို စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒါကြောင့် အလုပ်သမားသမဂ္ဂ လှုပ်ရှားသူတွေကို ခွဲခြားဆက်ဆံ ကန့်သတ်တာတွေ ရပ်ဖို့ ဒါတွေကို ဥပဒေအရ တိတိကျကျ ထည့်သွင်းအရေးယူဖို့နဲ့၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ လုံး၀ ပပျောက်ဖို့ ကျူးလွန်တဲ့ တာဝန်ရှိသူတွေကို တိတိကျကျ အရေးယူဖို့ ကျမတို့ တောင်းဆိုထားပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိတယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနက ပြောနေပေမဲ့လည်း၊ ကျန်အစိုးရဝန်ကြီးဌာနတွေမှာတော့ အဲ့ဒီ မူဝါဒကို လက်ခံမှု မရှိသေးတာကြောင့် အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို တိတိကျကျ ဥပဒေပြဌာန်း အရေးယူဖို့ ITUC က တိုက်တွန်းတာပါ။

တဆက်တည်းပဲ ပုဂ္ဂလိက လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်း အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ အလုပ်ရှင်တွေရဲ့ မတရားမှုတွေကို စောင့်ကြည့်စစ်ဆေးတဲ့ စနစ်မျိုးလည်း လုံလုံလောက်လောက် မဆောင်ရွက်နိုင်သေးတဲ့ အပေါ်မှာလည်း ITUC က မြန်မာနိုင်ငံကို ဝေဖန်ထားပါတယ်။
XS
SM
MD
LG