သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်ရဲ့ ၆ ပွင့်ဆိုင် အတွေ့အကြုံ


ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။

မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အခြေခံသဘောထားတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ခြောက်ပွင့် ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ဒေါက် တာအေးမောင်က ပြောပါတယ်။ သင်္ကြန်ကာလပြီး ကျင်းပမယ့် ဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အဓိက ပြင်သင့်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေ ကို ဆွေးနွေး ညှိနှိုင်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အခုဆွေးနွေးပွဲ ဟာ အောင်မြင်သော ဆွေးနွေးပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းကပေါ့နော် ဘယ်လောက် အတိုင်းအတာ အထိ ပြင်ဆင်နိုင်မယ် လို့ ဒေါက်တာအေးမောင် အနေနဲ့ သုံးသပ်ပါလဲရှင့်။

ဒေါက်တာအေးမောင်။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ကဏ္ဍကို ချဉ်းကပ်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးမှ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ကို အဓိက မဏ္ဍိုင် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒုတိယ သက်တမ်း ဒီမိုကရေစီ အပြောင်းအလဲဟာ ပထမ အပြောင်းအလဲ ကာလထက် အင်မတန် အရေးကြီးတယ် ဆိုတာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီစွာ တင်ပြခဲ့ကြပါတယ်။ အဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် လွတ်လပ်ပြီးမှ တရားမျှတစွာ ကျင်းပနိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တချို့ ကို လက်ရှိအခြေအနေ အရ ပြုပြင်ပြောင်းလဲနိုင်မှသာ အဲ့ဒီ့ဘက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်ဆိုရင် ကျနော်တို့ ဖွဲ့စည်းပုံပါ အချို့ပုဒ်မ များကို ပြောင်းလဲပေးရမှာဖြစ်တယ်ဆိုတဲ့ သဘော သက်ဝင်လာပါတယ်။ ကြားမှာ လက်ရှိဖြစ်တည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တချို့ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မများကို ချဉ်းကပ်ပုံက ကျနော်တို့ရဲ့ ခြောက်- ခြမ်းပေါ့နော်။ အခုကာလမှာ ပြင်မှ ရမယ်ဆိုတဲ့ ပုဒ်မများကို မိမိတို့ ဘက်ခြမ်း အလိုက် တင်ပြပြီးမှ အပေးအယူလေးနဲ့ ဘာကြောင့်ပြင်သင့်တယ် တင်ပြဆွေးနွေးပုံကာလဟာ လာမယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဲ့လောက်အထိ ကျနော်တို့ သဘောတူညီရနိုင်ခဲ့ပါတယ်။"

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး အပိုင်းကို ကာကွယ်ရေး ဦးစီးချုပ် သဘောထားကို ဒေါက်တာအေးမောင်အနေနဲ့ ဘယ်လိုမြင်ပါလဲရှင့်။

ဒေါက်တာအေးမောင်။ ။ သူ့ဘက်က ကနဦး ချဉ်းကပ်မှုက ပြင်ဆင်ဖို့ လိုအပ်ချိန်မှာ ပြင်ကိုပြင်ရမယ် ဆိုတာ သူသဘောပေါက်တယ်။ မပြင်သင့်သေးတဲ့ ကာလဆိုရင် မပြင်သင့်သေးပဲနဲ့ ဆက်သွားသင့်တယ်ဆိုတဲ့ ဘက်က သူ ချဉ်းကပ် ဆွေးနွေးပါတယ်။ ပြီးမှပဲ တိုင်းရင်းသားများနဲ့ ဒီနေ့အထိ ဖြစ်တည်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ဆိုတဲ့ ကဏ္ဍဘက်ကို ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့ ပြင်ဆင်ပေးသင့်တယ်ဆိုတာမျိုးနဲ့ ပြီးခဲ့တဲ့ ကာလမှာကလည်း တပ်မတော်သားတွေဘက်က အရေးတကြီးအဆိုနဲ့ တင်ပြလာတာရှိပါတယ်။

တနည်းအားဖြင့် referendum ကိုရှောင်လွဲပြီးမှ အချိန်ကာလရဲ့ တိုတောင်းမှုအရ လုပ်သင့်တာကို လုပ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် သံယဇာတ ခွဲဝေခွင့်ကို ပေးလိုက်မယ်ဆိုရင် ကျနော်တို့ ပြင်သင့်တဲ့ အချိန်ကာလလေးမှာ ပြင်သင့်တာကို ပြင်ပေးလိုက်တယ် ဆိုတဲ့ သဘောမျိုး ဆွေးနွေးပါတယ်။"

မအင်ကြင်းနိုင်။ ။ အခုလို ခြောက်ပွင့်ဆိုင် ဆွေးနွေးတဲ့ ပွဲဟာပေါ့လေ။ မြန်မာ့နိုင်ငံရေး ရှေ့ဆက်တိုးဖို့အတွက်ရော ဘယ်လောက် အတိုင်းအတာအထိ အထောက်အကူပြုနိုင်မလဲရှင့်။

ဒေါက်တာအေးမောင်။ ။ အများကြီး အထောက် အကူပြုနိုင်ပါတယ်။ ခြုံပြောရ ရင်တော့ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ အားလုံးက ပြောပါတယ်။ နွေးထွေး ပါတယ်။ ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ပြောကြပါတယ်။ ဦးတည်ချက် တခုကို ခြုံငုံနိုင်လောက်အောင် ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ ခြောက်ဦးပါ အခြေအနေနဲ့ပတ်သက်လို့လည်း အတိုချုပ် လုပ်ဖို့ ကြိုးစားကြပါသေးတယ်။ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်နာယကကြီး ဘက်ကတော့ဖြင့် လက်ရှိခြောက်ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လစ်ပြီးမှ ထိရောက်တဲ့ ဆွေးနွေးဖက် ဖြစ်ကြောင်းနဲ့ ဒီ့ထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ ဒီ Frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း သမ္မတကြီး တို့ဘက်ကတော့ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချုဲ့စေချင်တဲ့ သဘော ပြဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက် ကလည်း ဒီခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောမျိုး တင်ပြပါတယ်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ ဒေါက်တာအေးမောင် တို့ ၆ဦး ဟာ ဧပြီလ (၁၀)ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG