သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ဆွေးနွေးမှုမရှိပဲ ကချင် အပစ်ရပ်ဖို့ မလွယ်


လိုင်ဇာမြို့တွင်း လုံခြုံရေးယူထားတဲ့ KIA တပ်သားများကို တွေ့ရ။
လိုင်ဇာမြို့တွင်း လုံခြုံရေးယူထားတဲ့ KIA တပ်သားများကို တွေ့ရ။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတွေ ကို လုပ်ဆောင်မှသာ ဖြစ်နိုင်မယ်လို့ ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး Gum Grawng Aung Kham က ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို လျော့ချဖို့ လိုအပ်ပြီး နှစ်ဖက် ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှာ ပြုလုပ်တဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်းသူက အဲဒီလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ တွေ့ဆုံမေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံမှာ ရှိနေကြတဲ့ ကချင်တိုင်းရင်းသား မိသားစုတွေ၊ မြန်မာ့ အရေးထောက်ခံသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့ကို ရောက်နေတဲ့ ဦး Gum Grawng Aung Kham က ဗွီအိုအေမြန်မာဌာနကို ရောက်ရှိစဉ် မြန်မာအစိုးရနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားအမြင်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ ကချင်ပြည်မှာ ရှိတဲ့ လစ်လပ်နေတဲ့နေရာ အားလုံးဝင်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ အထူးသဖြင့် ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊ ဒီဒေသလေးခုမှာ ရှိပါတယ်။ တကယ်လို့များ ကျနော်တို့ကို ဆွမ်ပရာဘွမ်နဲ့ အင်ဂျားယန်မှာ ခွင့်ပြုမယ်ဆိုရင် အကုန်လုံး ၆နေရာပေါ့။ ကျနော်တို့ ဒီဟာကို ဝင်ဖိုပ အကုန်လုံး အစီအစဉ်လုပ်ထားပါတယ်။”

နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ လျော့ချပစ်ဖို့ လိုအပ်မယ်ဆိုတာကိုလည်း ဦး Gum Grawng Aung Kham က ထောက်ပြ ပြောဆိုပါတယ်။

“တကယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးမှု လုပ်မယ်ဆိုရင်၊ Cease Fire လုပ်မယ် ဆိုရင် ဒီတိုက်ပွဲတွေတော့ လျှာ့ရမယ်။ အဓိကကတော့ လက်ရှိ အစိုးရ၊ လက်ရှိ စစ်တပ် အနေနဲ့ နောက်ဆုတ်ပေးရမယ်။ ဒါမှလည်း ဒီဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီဟာကို လိုလိုလားလားနဲ့ဖြစ်လာမယ်။ အဓိကကတော့ ယုံကြည်မှု ရှိလာမယ်။ ဒါမဟုတ်ဘူးဆိုရင် လက်နက်ကိုင်တွေရော၊ လက်နက်ရှိနေတယ်။ စစ်တပ်ကလည်း သွားနေတယ်ဆို ပစ်ခတ်ကြမယ်။ အဓိကကတော့ ရှေ့တန်းမှာ ခွာပြီးမှ ဆုတ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။ အဓိကကတော့ စစ်တပ် အနေနဲ့ နောက်ဆုတ်ပေးရမယ်။ အခုဖြစ်နေတဲ့အခြေအနေမျိုးက တနိုင်းဘက်ပဲဖြစ်ဖြစ်၊ ဧရာဝတီ အရှေ့ဘက်ပဲဖြစ်ဖြစ် အကုန်လုံး ထိုးစစ်နဲ့ အနီးစပ်ဆုံးဖြစ်နေတယ်။ ဒါကြောင့်မို့လည်း ဒီဟာမျိုး စစ်တပ်တွေက တိုးချဲ့နေတယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ဒီဟာတွေအတွက်လည်း ပါလိမ့်မယ် Cease Fire လုပ်ဖို့၊ကြန့်ကြာတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့ ကြန့်ကြာတယ်ဆိုတာ အဲ့ဒီဘက်လည်း ပါလိမ့်မယ်။”

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နှစ်တွေနဲ့ချီ ကြာလာပြီဖြစ်ပေမယ့်လည်း တိကျ ခိုင်မာတဲ့ သဘောတူညီ တစုံတရာ မရနိုင်သေးပဲ ဖြစ်နေတာပါ။

ဒါဟာ နှစ်ဖက် တင်ပြလာတဲ့ တောင်းဆိုမှုတွေအပေါ် ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ အတွက်လို့ သူ့အနေနဲ့ ယူဆကြောင်း ဦး Gum Grawng Aung Kham က ပြောပါတယ်။

“ဒီမှာက သူတို့ သဘောတူညီမှု နှစ်ခု ဖက်ကနေ ညှိနှိုင်းနေတဲ့ အခြေအနေမျိုး တွေ့မြင်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ဖက်ကနေ တောင်းဆိုနေတဲ အချက်အလက်တွေက နှစ်ဖက်စလုံး သဘောတူညီမှုမရသေးဘူး။ ဒါကြောင့်မို့လို့ နှစ်ဖက်စလုံး သဘောတူညီမှုရတဲ့အချိန်မှာမှ ငြိမ်းချမ်းရေးက ဆွေးနွေးမှုဖြစ်လာမယ်လို့ ကျနော်က ဒီလိုမြင်ပါတယ်။”

ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသဖြစ်တဲ့ အပြင် တရုတ်အစိုးရကလည်း မြစ်ဆုံဆည် စီမံကိန်းနဲ့ တခြား ရေအား လျှပ်စစ်ဆည်တွေ ကချင်ပြည်နယ်အတွင်း တည်ဆောက်နေတာ အပါအဝင် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပြုလုပ်ထားတဲ့အတွက် တရုတ်အစိုးရရဲ့ အကျိုးစီးပွားတွေ အများအပြား ရှိနေတာကြောင့် ကချင်ပြည်နဲ့ တရုတ်အစိုးရဟာ ပထဝီအနေအထားအရရော၊ စီးပွားရေးအရပါ ဘယ်လိုမှ ကင်းကွာလို့ မရနိုင်တဲ့ကိစ္စပါ။

ဒါကြောင့်လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တရုတ်အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီပေးသွားမယ့်အကြောင်း မကြာသေးခင်က ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆိုပေမယ့် တရုတ်အစိုးရဖက်က ရိုးသားမှုရှိဖို့တော့ လိုအပ်တယ်လို့ ဦး Gum Grawng Aung Kham က ပြောပါတယ်။

“တကယ်လို့ လုပ်ရင်တော့ ကျနော်တို့လည်း ကြိုဆိုရမှာပေါ့။ အဓိကကတော့ သူ့ရဲ့ အကျိုးအမြတ်ပေါ်မှာ မူတည်လိမ့်မယ်။ သူအကျိုးမရှိဘူးဆိုရင်တော့ လုပ်လိမ့်မယ်မဟုတ်ဘူး။ အဓိကကတော့ သူ စိတ်ထားမှန်မှန်နဲ့ အိမ်နီးနားချင်း ပီပီ သူက လုပ်သင့်တယ်။ ပါဝင်တယ်ဆိုတာ ကောင်းပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်။ အဓိကကတော့ စိတ်ထားမှန်ရမယ်။

ဦး Gum Grawng Aung Kham ဦးဆောင်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသလို အခုနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်မှာ ဖြစ်ပါတယ်။

လက်ရှိ KIA နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့်လည်း KIA နဲ့ မြန်မာအစိုးရအကြား တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားခြင်း မရှိသလို မကြာသေးခင် ကာလတွေအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
XS
SM
MD
LG