သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jamal Khashoggi အသတ်ခံရမှု အရေးမယူလျှင် သတင်းလောက အန္တရာယ် ပိုများနိုင်


ဂျာနယ်လစ် Jamal Khashoggi (အောက်တိုဘာ၊ ၂၅၊ ၂၀၁၈)
ဂျာနယ်လစ် Jamal Khashoggi (အောက်တိုဘာ၊ ၂၅၊ ၂၀၁၈)

တူရကီနိုင်ငံ၊ ဆော်ဒီအာရေးဗျကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် Jamal Khashoggi အသတ်ခံလိုက်ရတာဟာ လူ့အခွင့်အရေးသတင်းတွေကို လိုက်ရတာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ နိုင်ငံတကာက ပိုမိုသဘောပေါက်လာကြပါတယ်။ သူ သေဆုံးရမှုအပေါ် အမေရိကန်က တုံ့ပြန်မှု တစုံတရာမရှိတဲ့အတွက် ကမ္ဘာတဝှမ်းက သတင်းထောက်တွေအတွက် အန္တရာယ်ကြီးလှတယ်လို့ Khashoggi ရဲ့ ဇနီးလောင်းက အမေရိကန် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Katherine Gypson က ကွန်ဂရက်အဆောက်အဦးကနေ ပေးပို့တဲ့သတင်းလွှာကို ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

Jamal Khashoggi ဟာ သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာ ကမ္ဘာပေါ် လူသိရှင်ကြားပစ်မှားထားခြင်း အခံရဆုံး ဂျနယ်လစ်တယောက် ဖြစ်နေခဲ့ပါတယ်။ သူ သေဆုံးသွားတာ ၈ လကြာမြင့်လာသည့်တိုင်အောင် ဒီဖြစ်ရပ်ကို သူ့ဇနီးလောင်းက လက်ခံလို့ မရနိုင်ဆဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျမက ဒါဖြစ်သွားတယ်လို့ အခုထိ စဉ်းစားလို့ မရသေးပါဘူး။ ကျမ နားကို မလည်နိုင်အောင်ပါပဲ။”

Khashoggi အပါအဝင် ၂၀၁၈ မှာ အသတ်ခံခဲ့ရတဲ့ သတင်းသမား ၅၄ ယောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် သတ်ဖြတ်သူတိုင်းကို အရေးမယူနိုင်ခဲ့ဘူးလို့ သတင်းထောက်များ ကာကွယ်ရေးကော်မတီက Joel Simon က ဆိုပါတယ်။

“သတင်းသမားတွေ အသတ်ခံတဲ့အမှု ၁၀ အနက် ၉ မှုမှာ လူသတ်သမားတွေကို ဘယ်တုန်းကမှ တရားမစီရင်နိုင်ခဲ့ပါဘူး။ သူတို့ ဒီလိုကင်းလွတ်ခွင့်ရနေတာဟာ သတင်းသမားတွေကို အကြမ်းဖက် နှုတ်ပိတ်ချင်သူတွေကို အားပေး အားမြှောက်လုပ်နေတာပဲဖြစ်ပါတယ်။”

ယမန်နှစ်တုန်းက ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သတင်းသမားပေါင်းလည်း ၂၅၀ အထိ ရှိခဲ့ပြီး အများစုဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့သတင်းတွေကို ရေးသားခဲ့ကြသူတွေဖြစ်တယ်လို့လည်း Simon က ဆိုပါတယ်။

“တူရကီ၊ အီဂျစ်နဲ့တရုတ် ဒီသုံးနိုင်ငံလုံးမှာ လူ့အခွင့်အရေးအကြောင်း ရေးသားတဲ့သတင်းထောက်တွေ ထောင်ချခံနေရပါတယ်။”

Khashoggi ကို သတ်ဖို့ အမိန့်ပေးခဲ့သူဟာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed Bin Salman ဖြစ်တယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုက တွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Khashoggi ရဲ့ဇနီးလောင်းက အခုလို ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တခုကို ကွန်ဂရက်လွှတ်တော်က စတင် လုပ်ဆောင်နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေဟာ တန်ဖိုးထားမှုတွေကို ပစ်ပယ်ထားလိမ့်မယ် မဟုတ်ဘဲ ထင်ပါတယ်။ ဒီလူသတ်မှုအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလုပ်ရပ်ကို သမ္မတ ထရမ့်ကိုယ်တိုင် စတင်လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကျမ ယုံကြည်ပါတယ်။”

ဒီသတ်ဖြတ်မှုအတွက် အကျိုးဆက်တွေကို ဆော်ဒီအာရေးဗျနိုင်ငံ ရင်ဆိုင်စေသင့်တယ်လို့ အမေရိကန်သမ္မတရဲ့ပါတီဖြစ်တဲ့ ရီပတ်ဘလီကင်လွှတ်တော်အမတ်တွေက ပြောနေကြတာပါ။ Chris Smith ဟာ ရီပတ်ဘလီကင် အမတ်တဦး ဖြစ်ပါတယ်။

“ဒီကိစ္စအတွက် တာဝန်မကင်းတဲ့သူတွေ ဆော်ဒီအာရေးဗျ အစိုးရအဖွဲ့ထဲမှာ ရှိနေပါတယ်။ ဒီရက်စက်ပြီး ကြောက်စရာ ကောင်းတဲ့ လုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို အရေးယူနိုင်တဲ့ အထောက်အထားတွေ ကျနော်တို့ဆီမှာ အခိုင်အလုံ ရှိနေတယ် ဆိုတာ သေချာပါတယ်။”

ဒီကိစ္စအတွက် အကျိုးဆက်တွေအဖြစ် အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေးဗျ နိုင်ငံအပေါ် စီးပွားရေး၊ လုံခြုံရေးအရ အလျှော့အတင်းတွေ လုပ်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ဆိုကြပါတယ်။ John Hannah ဟာ Foundation for Defense of Democracies အဖွဲ့က ဖြစ်ပါတယ်။

“တနှစ်ကျော် ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တချို့အပေါ် နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူသင့်ပါတယ်။ ဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဆိုတာ ဘုရင်နဲ့ အိမ်ရှေ့ မင်းသား Mohammed Bin Salman တို့ရဲ့လုပ်ပိုင်ခွင့် အတွင်းမှာရှိနေပါတယ်။ ဒီလို လုပ်ပြလိုက်ခြင်းအားဖြင့် ဆော်ဒီနဲ့ အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးမှာ အလှည့်အပြောင်း တချို့ ရှိတယ်ဆိုတာ အမေရိကန်လူထုနဲ့ လွှတ်တော်အမတ်တွေကို ပြသရာ ရောက်ပါလိမ့်မယ်။”

နိုင်ငံတကာ ထိ ဂယက်ရိုက်ခတ်စေရမှာဖြစ်ပါတယ်...

ဒီမိုကရက်အမတ် Susam Wild ကတော့အခုလိုဆော်သြနေပါတယ်။

“အမေရိကန်က ရှင်တို့ကို နစ်နာစေခဲ့ပြီ။ Jamal Khashoggi ကိုလည်း ပစ်ပယ်ထားခဲ့တယ်။ ကမ္ဘာတဝှမ်းလုံးက လွတ်မြောက်မှု ရှာဖွေနေသူတွေကိုလည်းပဲ ပစ်ပယ်ထားခဲ့ကြတော့မှာလား။”

သတင်းထောက်တွေဟာ ပစ်မှတ်မဟုတ်ဘူးဆိုတာ လူတွေ သဘောပေါက်လာအောင် ဝိုင်းဝန်းအကူအညီပေးကြရမှာ ဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG