သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi သတ်ခံရမှု ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီအိမ်ရှေ့စံနဲ့ ဆွေးနွေး


ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီအိမ်ရှေ့စံနဲ့ ဆွေးနွေး
ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီအိမ်ရှေ့စံနဲ့ ဆွေးနွေး

သတင်းထောက် Jamal Khashoggi အသတ်ခံရတဲ့ကိစ္စအတွက် တာဝန်ရှိသူ တာဝန်ခံရမယ်ဆိုတာကို Saudi Arabia အိမ်ရှေ့မင်းသား Mohammed bin Salman ကအသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက တူရကီနိုင်ငံမှာရှိတဲ့ Saudi ကောင်စစ်ဝန်ရုံးထဲမှာ သတင်းထောက် Khashoggi ကို သတ်ဖြတ်ခဲ့သူတွေကိုအရေးယူနိုင်ဖို့ အိမ်ရှေ့မင်းသားရော Suadi ဘုရင်ကပါ ထပ်ပြီးကတိပေးခဲ့တယ်လို့ ဝန်ကြီး Pompeo က Riyadh မြို့တော်မှာ ပြောကြားခဲ့တာပါ။ သတ်ဖြတ်မှုကို အိမ်ရှေ့မင်းသား bin Salman က စီစဉ်အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေထွက်ပေါ်နေပေမဲ့ Saudi အစိုးရကတော့ ကောက်ကျစ်တဲ့ ထောက်လှမ်းရေးလူတစု လုပ်ရပ်ဖြစ်တယ်လို့ပြောပြီး စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

Yemen နိုင်ငံမှာ Hodeida ဆိပ်ကမ်းမြို့အပစ်အခတ်ရပ်စဲရေးအပါအဝင် ပဋိပက္ခတွေရပ်အောင် ဆက်လုပ်သွားဖို့ လိုတယ်ဆိုတာကိုလည်း ဝန်ကြီး Pompeo နဲ့ Saudi Arabia အိမ်ရှေ့မင်းသား bin Salman တို့ သဘောတူခဲ့ကြပါတယ်။ ပဋိပက္ခတွေအဆုံးသတ်ရေး အလုံးစုံတဲ့နိုင်ငံရေးအဖြေတခုရှာဖို့ လိုတယ်ဆိုတာ သဘောတူခဲ့ကြတယ်လို့ Saudi မှာရှိတဲ့ အမေရိကန်သံရုံးက Twitter လူမှုကွန်ယက်ပေါ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Yemen နိုင်ငံက မြို့တော်အပါအဝင် ဒေသတော်တော်များများကို သိမ်းပိုက်ထားတဲ့ Houthi သူပုန်တွေကို ခြေမှုန်းရေးမှာ Saudi ဦးဆောင်တဲ့နိုင်ငံတကာပူးပေါင်းတပ်တွေက Yemen အစိုးရတပ်တွေဖက်ကနေ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးအထောက်အပံ့တွေကို ၂၀၁၅ ခုနှစ်ထဲက ပေးနေတာဖြစ်ပါတယ်။

ဆီးရီးယားကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ပြင်ဆင်နေချိန်မှာ အရှေ့အလယ်ပိုင်းဒေသအပေါ် အမေရိကန်ရဲ့ထောက်ခံမှု ရှိပါတယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ဖို့နဲ့၊ အီရတ်အပေါ် ဖိအားပေးတဲ့နေရာမှာ ထောက်ခံမှုရဖို့ နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ခရီးထွက်နေတာဖြစ်ပါတယ်။ Saudi ခရီးစဉ်ကနေ ဒီကနေ့ Oman နိုင်ငံကိုခရီးဆက်မှာဖြစ်ပါတယ်။ Kuwait နိုင်ငံသွားမယ့်ခရီးစဉ်ကိုတော့ Mr. Pompeo ရဲ့ မိသားစုနာရေးတခုကြောင့် ဖျက်လိုက်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG