သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ သောင်းဂဏန်းအထိ ရှိနိုင်


ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။ မတ် ၁၃၊ ၂၀၁၁။
ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။ မတ် ၁၃၊ ၂၀၁၁။

ဂျပန်နိုင်ငံမှာ သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မီယာဂီ (Miyagi) ခရိုင်တခုအတွင်းမှာတင် သေဆုံးသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ကလည်း သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့က ကျိုဒို သတင်းဌာနက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လောလောဆယ် သေဆုံးသူ၊ ဒါမှမဟုတ် ပျောက်ဆုံးသူ အရေအတွက်ဟာ ၂,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ လူပေါင်း ၂၁၀,၀၀၀ ကျော်လည်း အရေးပေါ် ကယ်ဆယ်ရေးဌာနကို ပို့ထားရတယ်လို့ ရဲက ပြောပါတယ်။

ဒီအတောအတွင်း ဒီငလျင်ဒဏ်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပြဿနာ အခက်အခဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ညီညွတ်ကြဖို့ ဝန်ကြီးချုပ် နာအိုတို ခန်က တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့က တိုကျိုမြို့ မြောက်ပိုင်းမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ပျက်ဆီးမှု ရှိခဲ့တဲ့အပေါ် အင်ဂျင်နီယာတွေက စစ်ဆေးနေတဲ့ ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မယ့် အလားအလာ ရှိနေတာကိုလည်း တနင်္ဂနွေညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ပြည်သူလူထုရဲ့ စွန့်လွှတ် အနစ်နာခံမှုက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ဒီအတောအတွင်း ဖူကူယာမာ (Fukuyama) နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အအေးဓာတ်ပေးတဲ့ စက်ထဲကို အင်ဂျင်နီယာတွေက ပင်လယ်ရေတွေ စုပ်ထည့်နေတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မနေ့က စနေနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ ဓာတ်အားပေးစက်ရုံရဲ့ ပြင်ပနံရံတွေ ပျက်ဆီးသွားခဲ့ပေမဲ့ ပင်မကိုယ်ထည်ကြီးကတော့ ဒီအတိုင်းပဲ ရှိနေသေးတာကြောင့် အတွင်းပိုင်းမှာ ဘယ်တိုင်းအတာအထိ ပျက်ဆီးတယ်ဆိုတာ ကျွမ်းကျင်သူတွေ သိနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေရပါတယ်။

အစောပိုင်းတုန်းကတော့ စက်ရုံအပြင်မှာ ရေဒီယို ဓာတ်သတ္တုကြွ ဓာတ်တွေဟာ သတ်မှတ်စံချိန်ထက် အဆပေါင်း ၄၀၀ လောက် များနေတာကို တွေ့ရတယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီလို ရေဒီယို ဓာတ်သတ္တု ယိုထွက်လာတာကြောင့် အနည်းဆုံး လူပေါင်း ၁၉ ယောက်လောက် ရေဒီယို ဓာတ်သတ္တုတွေနဲ့ ထိတွေ့ခဲ့ပြီး အဲဒီအရေအတွက်ဟာ ၁၆၀ လောက်အထိ ရှိကောင်းရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG