သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရွေးကောက်ပွဲ ဝန်ကြီးချုပ် Abe ရဲ့ ညွန့်ပေါင်းအဖွဲ့ အနိုင်ရဖွယ်ရှိ


ဂျပန်နိုင်ငံမှာ အချိန်မတိုင်သေးခင် တနင်္ဂနွေနေ့ကလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့က အလွယ်တကူအနိုင်ရမယ့် အလားအလာရှိတယ်ဆိုတာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြနေပါတယ်။

ဝန်ကြီးချုပ် Abe ရဲ့ လစ်ဘရယ်ဒီမိုကရက် LDP ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ မဲအများစုကို အနိုင်ရမယ်လို့ ဂျပန် သတင်း မီဒီယာတွေက ခန့်မှန်းကြပါတယ်။ စက်တင်ဘာလမှာ မစ္စတာ Abe က အောက်လွှတ်တော်ကို မဖျက်သိမ်းခင် ရထားတဲ့ အမတ်အရေအတွက်အများစု သုံးပုံနှစ်ပုံကိုတောင်မှ ဆက်ထိန်းထားနိုင်ခြေရှိတယ်လို့ ခန့်မှန်းကြတာပါ။

ဒီရွေးကောက်ပွဲမှာ အနိုင်ရလိုက်မယ်ဆိုရင် မစ္စတာ Abe အနေနဲ့ LDP ညွန့်ပေါင်းအဖွဲ့ရဲ့ အကြီးအကဲအဖြစ် နောက်သုံးနှစ် သက်တမ်းအတွက် နောက်နှစ်မှာဆက်ဖြစ်ဖို့ သေချာသွားမှာဖြစ်တာကြောင့် ဂျပန်နိုင်ငံမှာ နိုင်ငံခေါင်းဆောင်အဖြစ် သက်တမ်း အရှည်ဆုံး လုပ်ခွင့်ရသူ ဖြစ်လာတော့မှာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုအပေါ် ခပ်မာမာ တုန့်ပြန်ရပ်တည်တာကြောင့် လူထုထောက်ခံမှု ပိုရလာနေတာ ကို အခွင့်ကောင်းယူပြီး မစ္စတာ Abe က မကြာသေးခင်ကပဲ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးတော့ အချိန်မတိုင်သေးခင်မှာပဲ ဒီလ ရွေးကောက်ပွဲကို ကျင်းပတာပါ။ တကယ်တမ်း လွှတ်တော်သက်တမ်း ကုန်ဆုံးမှာက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာမှဖြစ်ပါ တယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ တရုတ်လို နိုင်ငံတွေရဲ့ ခြိမ်းခြောက်လာနိုင်ခြေကို တန်ပြန်ရေး ဂျပန်စစ်ဘက်ကို လုပ်ပိုင်ခွင့် ပိုပေးဖို့နဲ့ အမေရိကန်လို မဟာမိတ်တွေကို ထောက်ခံဖို့ ဝန်ကြီးချုပ် Abe ရဲ့အဆိုပြုချက်အပေါ် ဂျပန်လူထုကြားမှာ သဘောထား ကွဲပြားဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG