ဂျပန်တောင်ပိုင်းက လေယာဉ်ကွင်းမှာ ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံးပေါက်ကွဲတာကြောင့် လေယာဉ်ခရီးစဉ် ၉၀ နီးပါး ဖျက်သိမ်းလိုက်ရပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းက Myazaki မြို့ လေယာဉ်ကွင်းပြေးလမ်းနားမှာ၊ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အသေခံ Kamikaze လေကြောင်း တိုက်ခိုက်မှုကို ဟန့်တားဖို့ အမေရိကန်က ကြဲချခဲ့တာဖြစ်ပုံရတဲ့ဗုံး ဒီနေ့ ပေါက်ကွဲတာကြောင့် လေယာဉ်ကွင်းပိတ်လိုက်ရတာပါ။
ဒီ ပေါက်ကွဲမှုကြောင့် Myazaki လေယာဉ်ကွင်း ပြေးလမ်းဘေးက ကားလမ်းအလယ်မှာ ၂၃ ပေကျယ်၊ ၃ ပေကျော်နက်တဲ့ တွင်းကြီးဖြစ်သွားပြီး လေယာဉ်ခရီးစဉ်ပေါင်း ၈၇ ခုကို ဖျက်သိမ်းလိုက်ရတယ်လို့ ဂျပန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။
ဒီ ပေါက်ကွဲခဲ့တဲ့ဗုံးက ကမ္ဘာစစ်တုန်းထဲက အမေရိကန် ကြဲခဲ့ပြီး မြေအောက်မှာ ကျန်ခဲ့တဲ့ဗုံးဖြစ်ဖို့များကြောင်း ဂျပန် မြေပြင် ကာကွယ်ရေးတပ်အရာရှိက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းပို့တာ မရှိသေးပေမဲ့၊ ပေါက်ကွဲမှုမဖြစ်ခင် ၂ မိနစ်လောက်မှာပဲ ပေါက်ကွဲမှုနားမှာ လေယာဉ်တစ်စီး မြေပြင်ပေါ်မှာပဲ ဖြတ်မောင်းသွားတာကို CCTV ကင်မရာပုံရိပ်တွေထဲ တွေ့လိုက်ရတယ်လို့ ဂျပန် သတင်းဌာန MRT ကတော့ ထုတ်ပြန်ထားပါတယ်။
ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရ Yoshimasa Hayashi ကလည်း ဒီလေယာဉ်ပြေးလမ်းပိတ်လိုက်ရတာကြောင့် လေယာဉ်ပေါင်း ၈၇ စီး ပျံသန်းဖို့ရပ်ထားရပေမဲ့၊ နောက်ထပ် ပေါက်ကွဲမဲ့ အန္တရာယ်မရှိတော့ဘဲ၊ ပေါက်ကွဲခဲ့တဲ့တွင်းကိုလည်း မြေဖို့ပြန်ပြင်နေပြီး မနက်ဖြန်မနက်အပြီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အခုလို ဖျက်သိမ်းလိုက်ရတဲ့ လေကြောင်းလိုင်းတွေကတော့ JAL ၊ ANA နဲ့ Miyazaki မြို့ကြီးနဲ့ တိုကျို၊ အိုဆာကာ ၊ Fukuoka လို မြို့ကြီးတွေအကြား ပျံသန်းတဲ့ လေကြောင်းလိုင်းတွေဖြစ်တယ်လို့ ဒီလေယာဉ်ကွင်း အင်တာနက် Website စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Forum