သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် မိုးသည်းမြေပြိုမှု လူတရာထက်မနည်း သေဆုံး


ဂျပန် နိုင်ငံ အနောက်တောင်ပိုင်းမှာ သုံးရက်ဆက်တိုက် မိုးသည်းထန်ခဲ့ပြီးနောက် မြေပြိုမှုတွေအတွင်း အနည်းဆုံး လူ ၁၀၀ သေဆုံးရကြောင်း အာဏာပိုင်တို့က ပြောပါတယ်။ နောက်ထပ် ၆၅ ဦး ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းက ထိခိုက်မှု ရှိခဲ့တဲ့ ကျေးရွာတွေက အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေ၊ သေဆုံးသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေ ဆက်ပြီး ရှာဖွေနေကြပါတယ်။

မိုးသည်းထန်မှု အတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပျောက်ဆုံးသူ အရေအတွက်က အခုဆိုရင် ၁၀၀ ကျော်သွားပြီး ဖြစ်ကြောင်း၊ အကြီးအကျယ် ပျက်စီးခဲ့ကြောင်း၊ ပျောက်ဆုံးနေသူ အများအပြား ရှိနေဆဲ ဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေးကို အစွမ်းကုန် လုပ်နိုင်ဖို့ ဝန်ထမ်းပေါင်း ၇ သောင်း ၃ ထောင်ထိ တိုးမြှင့် ဆောင်ရွက်နေပါတယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ မြေပြိုမှုတွေနဲ့ တခြား အရေးပေါ် အခြေအနေတွေ အတွင်း မီးသတ်သမား၊ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင် ၄ သောင်း ၈ ထောင်လောက် တုံ့ပြန် ကိုင်တွယ်နေတယ်လို့လည်း ဂျပန် အစိုးရ အတွင်းဝန် Yoshihide Suga က ပြောဆိုခဲ့ပါတယ်။ Kochi စီရင်စုမှာတော့ သုံးနာရီအတွင်း မိုးရေချိန် ၂၆ ဒသမ ၃ စင်တီမီတာ ကျော်ကို ရောက်ရှိခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ စတင်တဲ့ မှတ်တမ်းတွေထဲမှာ အမြင့်ဆုံး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လူပေါင်း ၁ သန်း ၃ သိန်းတို့ကို အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ နောက်ထပ် လူပေါင်း ၃ သန်း ၁ သိန်းတို့ကိုတော့ တပ်လှန့်ထားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းရနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG