သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့တွေ့


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာ နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းထောက်များကို ပြန်လည် ရှင်းလင်းနေစဉ်။ (ဒီဇင်ဘာလ ၂၆၊ ၂၀၁၁)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာ နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းထောက်များကို ပြန်လည် ရှင်းလင်းနေစဉ်။ (ဒီဇင်ဘာလ ၂၆၊ ၂၀၁၁)

မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးရှိစေမယ့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရို ဂမ်ဘာ (Koichiro Gemba) က ပြောလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုရင် တိုင်းရင်းသားဒေသတွေမှာ တန်းတူရအောင်ပေးဖို့ ပြောခဲ့တဲ့ အကြောင်း အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့နဲ့ တေ့ွ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရို ဂမ်ဘာ (Koichiro Gemba) က မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ကိစ္စတွေကို လေ့လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ဂျပန်က အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာကို သမ္မတဦးသိန်းစိန်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပြောခဲ့တယ်ဆိုတာကို မြန်မာနိင်ငံကနေ မပြန်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သူက အသိပေးသွားပါတယ်။

မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေကို ဂျပန်က ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဂျပန်နဲ့ မြန်မာကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို အပြီးသတ်နိုင်ရေးအတွက် စတင်ဆွေးနွေးဖို့ သဘောတူနိုင်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်တဲ့အခါမှာ ပြည်သူတွေ တိုက်ရိုက်အကျိုးရှိစေမယ့် ကိစ္စတွေကို အဓိကထား လုပ်သွားမယ်လို့ စကားပြန်ကတဆင့် ဝန်ကြီး ဂမ်ဘာက ပြောခဲ့ပါတယ်။

“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိနိုင်တဲ့ အခြေခံလူနေမှုကဏ္ဍကို ဗဟိုပြုပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။ အထူးသဖြင့် ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွေကို အဓိကထားပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်ခင်ဗျ။”

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် တရားဥပဒေ စိုးမိုးမှုရှိဖို့ အရေးကြီးတယ် ဆိုတာကို ဆွေနွေးခဲ့တယ်လို့ သတင်းထောက်တွေကို အခုလို ပြောပြပါတယ်။

“စီးပွားရေး ရင်းနှီးမြှုပ်နှံရေးနဲ့ ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဟာ ဆက်နွယ်နေတဲ့အကြောင်းကိုလည်း ကျမ ထောက်ပြပါတယ်။ ဒီမိုကရေစီ အဆောက်အဦးတွေဟာ ခိုင်မာမှလည်း ကျမတို့ရဲ့ စီးပွားရေး တိုးတက်မှုဟာ ခိုင်မာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဂျပန်နိုင်ငံအနေနဲ့ ကျမတို့ကို လူသားချင်း စာနာရေးနဲ့ပတ်သက်လို့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ကျမတို့ရဲ့ ဒီမိုကရေစီ အဆောက်အဦးတွေ ခိုင်မာရေးကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားသွားမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ တိုင်းသားတွေ စည်းလုံးမှုအတွက်ကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးတဲ့အခါမှာ ညီညီမျှမျှပေးဖို့ အရေးကြီးတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်။

“ကျမ ဝန်ကြီးကို ရှင်းပြခဲ့တာဟာ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေထဲမှာ ကျမတို့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မိုလို့ ပြည်တွင်းစစ် ငြိမ်းချမ်းဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးများ အားလုံးကြားမှာ သွေးစည်းညီညွတ်ရေး ရှိဖို့အတွက်ကို လူသားချင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူရည်တူ ပေးဖို့လိုတယ် ဆိုတာလည်း ကျမ ရှင်းပြခဲ့ပါတယ်။”

မြန်မာနဲ့ ဂျပန်နိုင်ငံကြား နှစ်ပေါင်းများစွားထဲက ချစ်ခင်ရင်းနှီးမှု ရှိခဲ့တဲ့အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရတာကို ဝမ်းသာတဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို အင်တိုက်အားတိုက် ထောက်ပံ့သွားမယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ရှေ့နှစ်မှာ ဂျပန်နိုင်ငံမှာကျင်းပဖို့ရှိတဲ့ မဲခေါင်စည်းဝေးပွဲကို လာတက်ဖို့အတွက် သမ္မတဦးသိန်းစိန်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ခေါ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်ကိုလာလည်ဖို့ ဖိတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာလည်း မကြာခင် ဒီလိုတိုးတက်မှုမျိုး ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာချင်တဲ့အကြောင်း ပြန်ပြီးပြောခဲ့ပါတယ်။

ပုဂံက စေတီပုထိုးတွေ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဂျပန်က ကျွမ်းကျင်ပညာရှင်တွေကို မကြာခင် မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရှိတယ်ဆိုတာကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာက သတင်းစာရှင်းလင်းပွဲမှာ အသိပေးသွားခဲ့ပါတယ်။ ၉ နှစ်အတွင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာသွားတဲ့ မစ္စတာ ဂမ်ဘာ ဟာ ဒီနေ့ တနင်္လာနေ့ ညပိုင်းမှာပဲ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်သွားပါတယ်။

XS
SM
MD
LG