သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲသတင်းစာရှင်း


ဂျပန်နိုင်ငံအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ဒီမိုကရေစီရေးနဲ့ဖွံဖြိုးရေး လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အကူအညီပေးသွားမယ် လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆို ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းက စိန်ခေါ်ချက်တွေကိုလည်း မြန်မာနိုင်ငံနဲ့အတူ လက်တွဲဖြေရှင်းသွားလိုတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွား ပါတယ်။ မြန်မာနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့တော့ မသိင်္ဂီထိုက် က တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးနိုင်ခဲ့တဲ့ အပေါ် ဂျပန်ဘက်က ကြိုဆိုတဲ့ အကြောင်း နေပြည်တော်မှာ ၂ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖုမိအို ခိရှိဒ က အခုလို ပြောဆိုပါတယ်။

“ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကအကြား ပူးပေါင်းညှိုနှိုင်းပြီး မြန်မာအစိုးရ အကောင် အထည်ဖော်နေတဲ့ ဒီမိုကရေစီနဲ့ဖွံဖြိုးရေးလုပ်ငန်းစဉ်တွေမှာ မတူညီတဲ့ဒေါင့်ကနေ အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ အစည်းအဝေး မှာ ဆွေးနွေးခဲ့ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရှိတဲ့ စိန်ခေါ်ချက်တွေကိုလည်း အတူအကွ ပူးပေါင်းဖြေရှင်းသွားလိုတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။”

ဂျပန်နိုင်ငံ အနေနဲ့ အရင် မြန်မာ စစ်အစိုးရ လက်ထက် ကတည်းက စလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆိုတဲ့ ဦးတည်ချက်နဲ့ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လမ်းစဉ် ကို ပြန်လည် ပြင်ဆင်ပြီး ဖွံ့ဖြိုးရေး အထောက်အကူတွေ တိုးပြီး ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ဂျပန် ပြည်သူတွေရဲ့ အားပေး ထောက်ခံမှု အပေါ်မှာ ကျေးဇူးတင်ရှိတဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့သလို အနောက်နိုင်ငံတွေနဲ့ မတူတဲ့ ဂျပန် အစိုးရနဲ့ ဆက်ဆံရေးကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

“ဂျပန်အစိုးရရဲ့ဆက်ဆံမှုက တခြားအနောက်နိုင်ငံတွေနဲ့ မတူဘူးဆိုတာလည်း သဘာဝကျပါတယ်။ ဒီ မတူခြင်းကိုလည်း ကျမတို့ လက်ခံပါတယ်။ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် မတူကွဲပြားမှုတွေကို လက်ခံရပါမယ်။ ဒီမတူကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျမတို့က တယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်ပြေလည်အောင်လို့ လုပ်ခဲ့တာကြာပါပြီ။ အထူးသဖြင့် ကျမတို့က ဘယ်လိုပဲပြောပြော ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများ အများဟာ ကျမနဲ့ ကျမရဲ့ လှုပ်ရှားမှုအပေါ်မှာ အင်မတန်မှ စေတနာ ၊မေတ္တာတွေထားခဲ့တာကြောင့်မို့လို့ အမြဲပဲ ကျမတို့ဟာ ဒါကိုတန်ဖိုးထားပြီးတော့ ကျေးဇူးတင်နေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာတော့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟာ သမ္မတ ဦးထင်ကျော် နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် အပေါ် ဂျပန်ရဲ့ မျှော်လင့်ချက်ကိုလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သီလဝါ အထူးစီးပွားရေးဇုံမှာ ဂျပန်ဘက်က ဆက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အာရှ ၅ နိုင်ငံ ခရီးစဉ်ကို သွားရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ်ကြောင်း တလျှောက် နိုင်ငံများ ဖွံ့ဖြိုးရေး အတွက် သုံးနှစ် အတွင်း ဒေါ်လာ ၇ ဘီလီယံ ပေးအပ်မယ်လို့လည်း ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ဒီကနေ့ ထွက်ခွာမယ့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့ကို ခရီးဆက်ဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG