ဂျပန်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ကြီးထွားလာနေချိန်မှာပဲ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်နေတဲ့ အစီအစဉ်ကို တောင်ကိုရီးယားက ပယ်ဖျက်လိုက်ပါတယ်။
အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံတော် အကျိုးစီးပွားအတွက် အထောက်အကူ မဖြစ်တော့တဲ့အတွက် ရပ်ဆိုင်းတော့မယ့်အကြောင်း ဒီကနေ့ပဲ တောင်ကိုရီးယားသမ္မတအိမ်တော်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက် လုံခြုံရေး သဘောတူညီချက်ကို သက်တမ်းတိုးရမယ့် စနေနေ့ မတိုင်ခင်မှာ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံထံ တရားဝင် အကြောင်းကြားသွားမယ်လို့လည်း ပြောပါတယ်။
တောင်ကိုရီးယားရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် စစ်အတွင်း ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ချိန်မှာ ဂျပန်နိုင်ငံက အဓမ္မအလုပ်ခိုင်းစေခဲ့ဖူးတဲ့ သမိုင်းကြောင်းကို အခြေခံပြီး အငြင်းပွားမှုတွေပေါ်ပေါက်ရာက ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာနေတာတွေ ပိုဆိုးလာနိုင်ပါတယ်။
တောင်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရဲ့ အာရှဒေသက အဓိက မဟာမိတ် ၂ နိုင်ငံကြား မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံအရေး အပါအ၀င် ဒေသတွင်း ကိစ္စတွေမှာ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
တောင်ကိုရီးယားရဲ့ ကြေညာချက်မှာတော့ ဂျပန်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ ကုန်သွယ်ဖက်စာရင်းကနေ မကြာသေးခင်တုန်းက တောင်ကိုရီးယားနိုင်ငံကို ခိုင်ခိုင်မာမာ အကြောင်းပြချက်မရှိဘဲ ပယ်ဖျက်ခဲ့ပြီး နှစ် နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။