သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားဒုံးကျည်စမ်းသပ်မှု ကန် နိုင်ငံခြားရေးဝန်ကြီး Pompeo စိုးရိမ်


သြဂုတ်လ (၁၆)ရက်က မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် နှစ်စင်း ပစ်လွှတ်

သြဂုတ်လ (၁၆)ရက် သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် နှစ်စင်းကို ဂျပန် ပင်လယ်ထဲ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ဒီလပိုင်းတွေထဲ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေထဲက နောက်ဆုံး စမ်းသပ်ပစ်ခတ်မှုပါ။ ဒီလို ပစ်ခတ်တာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတာကို တုံ့ပြန်တာလို့ မြောက်ကိုရီးယားက ပြောထားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီ စမ်းသပ်မှုတွေအပေါ် သိပ် စိတ်မပူဘူးလို့ ပြောပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ စိုးရိမ်မှုရှိတဲ့အကြောင်း အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ဆက်ထားပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်းက တောင်နဲ့ မြောက် နှစ်နိုင်ငံ ၂၀၄၅ ခုနှစ် ပေါင်းစည်းနိုင်ဖို့အရေး ဆွေးနွေးပွဲတွေ လုပ်သွားမှာ ဖြစ်ကြောင်း ပြောအပြီး တစ်ရက်အကြာ သြဂုတ်လ (၁၆)ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံက အခုလို ဒုံးကျည် စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ခဲ့တာပါ။ အခုလို စမ်းသပ် ပစ်ခတ်မှု အပြီးမှာတော့ မြောက်ကိုရီးယား အနေနဲ့ တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ မရှိကြောင်းလည်း မြောက်ကိုရီးယား အစိုးရ ပြောခွင့်ရက ပြောခဲ့ပါတယ်။ ဒါဟာ ဆွေးနွေးပွဲတွေအတွက် အကောင်းမြင်နေတဲ့ သမ္မတ မွန်ဂျေးအင်းအတွက် သတင်းကောင်းတစ်ခု မဟုတ်သလို အမေရိကန်နိုင်ငံနဲ့ လုပ်မယ့် မြောက်ကိုရီးယားရဲ့ ဆွေးနွေးပွဲ အတွက်လည်း အလှမ်းဝေးစေ နိုင်ပါတယ်။

အင်္ဂါနေ့မှာတော့ CBS သတင်းဌာနဲ့ ဆွေးနွေးခန်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒုံးကျည် စမ်းသပ်ပစ်ခတ် နေမှုတွေအပေါ် စိုးရိမ်ကြောင်း ပြောသလို ဆွေးနွေးပွဲတွေ တုံ့ဆိုင်း နေတာကိုလည်း ၀န်ခံသွားခဲ့ပါတယ်။

“သူတို့ တာတိုပစ် ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် စိုးရမ်ပူပန်မိပါတယ်။ သူတို့ စမ်းသပ်မှုတွေ မလုပ်ခဲ့ဖူးလို့ ကျွန်တော် ဆုတောင်း မိပါတယ်။ ဒါပေမဲ့ စင်္ကာပူမှာ သမ္မတထရမ့်နဲ့ တွေ့ခဲ့တုန်းက ဥက္ကဌ ကမ်က နျူကလီးယား ကင်းစင်အောင် လုပ်မယ်လို့ ကတိပေးထားခဲ့ပါတယ်။ ဒါကိုပဲ သမ္မတ ထရမ့်က အဓိကထား စဉ်းစား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ဝန်ကြီး Mike Pompeo က ဆွေးနွေးပွဲတွေ မြန်မြန် ပြန်လုပ်သင့်သလောက် မလုပ်နို်င်ခဲ့ဘူးလို့လည်း ပြောပါတယ်။ အခုအချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Spephen Biegun ဟာ ဒေသတွင်းကို ရောက်ရှိနေပြီး ဂျပန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ လာမယ့် သီတင်းပတ်တွေအတွင်း ပြန်လည် စတင်နိုင်လိမ့်မှာဖြစ်ပြီး ဥက္ကဌ Kim အနေနဲ့လည်း စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို လာရောက်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါဟာ မြောက်ကိုရီးယား ပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးအတွက် ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ ထရမ့်က မြောက်ကိုရီးယားကိစ္စ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကြား သိပ် ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ အဆုံးမှာ ကောင်းတဲ့ရလဒ်တွေ ထွက်လာပါလိမ့်မယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ အများကြီး ရအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဆွေးနွေးချင်နေပါတယ်။ ကျွန်တော်တို့ သူ့ကို ကူညီပါ့မယ်။ အတူ လက်တွဲ အလုပ်လုပ်ပါမယ်။ ဒါပေမဲ့ သူတို့ နျူးကလီးယား လက်နက်တော့ မပိုင်ဆိုင်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးစားနေတာလည်း မဟုတ်ပါဘူး။”

မြောက်ကိုရီးယား နျူးကလီးယားကိစ္စ ဆွေးနွေးပွဲတွေ ပြန်စဖို့ အမေရိကန်တို့ အကောင်းမြင်နေပေမဲ့ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန် နိုင်ငံသားတွေ သွားရောက်ခွင့်ကို ပိတ်ပင်ထားတာကို တစ်နှစ် တိုးမြှင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီပိတ်ပင်ချက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကတည်းက ချမှတ်ထားခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံကတော့ ဆွေးနွေးပွဲတွေကသာ ကိုရီးယားအရေးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ Kim Eunhan က နှစ်နိုင်ငံ ရရှိထားတဲ့ ပူးတွဲကြေညာချက်ထဲက အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် စေ့စပ် ဆွေးနွေးတာသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ဒါဟာ တောင်ကိုရီးယားတို့အတွက် ပြောင်းလဲလို့ မရတဲ့ ရပ်တည်ချက်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဘက်ကလည်း ဒီလို တစ်သဘောတည်း ရှိပြီး အခိုင်အမာ တုံ့ပြန် ဆောင်ရွက်ဖို့ လိုကြောင်း ပြောကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG