သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ နျူကလီယားသဘောတူညီချက် အီရန် ချိုးဖောက်တော့မည်


Arak နျူကလီးယား စက်ရုံ
Arak နျူကလီးယား စက်ရုံ

အီရန် အဏုမြူစွမ်းအင် အေဂျင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အီရန်နိုင်ငံ အနေနဲ့ အီရန်အပေါ် ကန့်သတ်ထားတဲ့ သန့်စင် ယူရေနီယံ ပမာဏ ကီလိုဂရမ် ၃၀၀ ထက် ကျော်လွန် ထုတ်လုပ်တော့မှာဖြစ်ကြောင်း တနင်္လာနေ့က အီရန်ရဲ့ Arak နျူကလီးယား စက်ရုံမှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီ ပမာဏဟာ ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံကြီး ၆ နိုင်ငံအကြား ရရှိထားတဲ့ သဘောတူညီချက်အရ ခွင့်ပြုထားတဲ့ ပမာဏ ဖြစ်ပြီး လာမယ့် ၁၀ ရက်အတွင်း ဒီ သတ်မှတ် ပမာဏကို ကျော်လွန်တော့ဖြစ်လို့ ဒါဟာ သဘောတူညီချက်ကို အီရန်နိုင်ငံက ပထမဆုံး အကြိမ် ချိုးဖောက်တော့မယ့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗွီအိုအေ သတင်းထောက် Edward Yeranian က သတင်း ပေးပို့ထားပါတယ်။အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

အခု ကြားရတဲ့ အသံကတော့ အီရန်ရဲ့ Arak နျူကလီယား ရေလေး စက်ရုံက အီရန် အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲရဲ့ ကြေညာချက်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက တိုက်ရိုက် ထုတ်လွှင့်သွားတာပါ။

အီရန်နိုင်ငံအနေနဲ့ အီရန်က P5+1 လို့ခေါ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်နဲ့ ရုရှားနိုင်ငံံတွေနဲ့ ချုပ်ဆိုတားတဲ့ စာချုပ်မှာ ပါဝင်တဲ့ အချက်တစ်ချက်ဖြစ်တဲ့ သန့်စင် ယူရေနီယံ ပမာဏ ကီလိုဂရမ် ၃၀၀ သာ ပိုင်ဆိုင်ရမယ်ဆိုတဲ့အချက်ကို ချိုးဖောက်တော့မယ်ဆိုတဲ့ ကြေညာချက်ဖြစ်ပါတယ်။

အီရန်အနေနဲ့ အဆင့်နိမ့် သန့်စင် ယူရေနီယံ ထုတ်လုပ်မှု လေးဆ ပိုမို ထုတ်လုပ်သွားမှာဖြစ်တဲ့အတွက် လာမယ့် ဇွန်လ ၂၇ ရက်နေ့ရောက်ရင် စာချုပ်အရ သူ့ကို ခွင့်ပြုထားတဲ့ ပမာဏ ကီလိုဂရမ် ၃၀၀ ထက် ပိုထုတ်တော့မှာ ဖြစ်သလို သန့်စင်မှုနှုန်း မြင့်မားတဲ့ ယူရေနီယံတွေ ကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အီရန် အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ Behrouz Kamalvandi က ပြောကြားသွားပါတယ်။

“အီရန်အတွက် နျူကလီးယား လိုအပ်ချက်တွေ ပိုရှိလာလို့ နျူကလီးယား ရေလေး ထုတ်လုပ်မှုကို လာမယ့် နှစ်လခွဲအတွင်း တန်ချိန် ၁၃၀ အထိ တိုးမြှင့် ထုတ်လုပ်သွားမယ်လို့ ပြောသွားတာပါ။ ဒါပေမဲ့ မကြာသေးမီက အမေရိကန်က ချမှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို စာချုပ်အဖွဲ့ဝင် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေက မလိုက်နာဘူးဆိုရင်တော့ အရင် ပမာဏကို ပြန်သွားနိုင်တဲ့ အချက်ကိုလည်း သူက မငြင်းပယ်ခဲ့ပါဘူး။”

အမေရိကန်က အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ပြန်လည် စတင်ခဲ့တာပါ။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး နောက်ပိုင်း ပထမဆုံး သမ္မတဖြစ်ခဲ့သူ အီရန် သမ္မတဟောင်း Abolhassan Bani Sadr က အီရန်ရဲ့ နိုင်ငံ့ ဥသျှောင် အကြီးအကဲ Ayatollah Khamenei ဟာ အခြေအနေ နှစ်ခုကြားမှာ ကြားညပ်နေတယ်ဆိုပြီး VOA ကို အခုလို ပြောပါတယ်။

“အမေရိကန် သမ္မတ ထရမ့်ရဲ့ ဖိအားပေးမှုကို တုန့်ပြန်ဖို့ တစ်ခုခု လုပ်နေတယ်ဆိုတာကို အီရန် အဏုမြူစွမ်းအင် အေဂျင်စီက အီရန် လူထုကို ပြသဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အီရန်အတွက် ရွေးစရာလမ်း များများစားစား မရှိဘူး။ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို အီရန်က တကယ်ပဲ ပယ်ဖျက် လိုက်နိုင်မလားဆိုတာကို ကျွန်တော် သံသယ ရှိမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို လုပ်လိုက်ရင် နိုင်ငံတကာစင်မြင့်မှာ အီရန်ကို ပိုပြီး အထီးကျန် သွားစေနိုင်သလို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက နောက်ထပ် ပိတ်ဆို့မှုတွေလည်း လုပ်လာနိုင်တယ်လေ။”

လွန်ခဲ့တဲ့ ရက်တွေတုန်းက ကာဇက်စတန်နိုင်ငံမှ ကျင်းပခဲ့တဲ့ ထိပ်သီး ဆွေးနွေးပွဲတစ်ခုမှာတော့ အီရန်အနေနဲ့ ၂၀၁၅ သဘောတူစာချုပ်ကို ဆက်လက် လေးစား လိုက်နာသွားမယ်လို့ အီရန်သမ္မတ Hassan Rouhani က ရုရှားသမ္မတ Vladimir Putin ကို ကတိပေးခဲ့တယ်လို့လည်း အီရန် လေ့လာ သုံးသပ်သူ Ali Nourizadeh ကဆိုပါတယ်။ ဒီအချက်ကိုတော့ VoA က သီးခြား အတည်နိုင်ခြင်း မရှိပါဘူး။ အီရန်ရဲ့ မဟာ ရန်သူ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ခွင့်ပြုထက် ပမာဏထက် ကျော်ထုတ်ရင် အီရန်ကို နိုင်ငံတကာက ပိတ်ဆို့မှုတွေ ထပ်လုပ်သင့်တယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ် သဘောတူ စာချုပ်အရ ခွင့်ပြုထားတဲ့ သန့်စင် ယူရေနီယံ ပမာဏထက် ပိုထုတ်လုပ်မယ်ဆိုတဲ့ အီရန်ရဲ့ ကြေညာချက်ဟာ အိုမန် ပင်လယ်ကွေ့ထဲ ရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရအပြီး တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ ထွက်ပေါ်လာတာပါ။ အီရန် ပါလီမန် ဥက္ကဌ Ali Larijani အပါအဝင် အီရန် အရာရှိတွေကတော့ ဒီ တိုက်ခိုက်မှုအတွက် အီရန်မှာ တာဝန် မရှိဘူးဆိုပြီး ငြင်းဆိုထားပေမယ့် ဝါရှင်တန်က ဒီ တိုက်ခိုက်မှု နောက်ကွယ်မှာ အီရန်ရှိတယ်လို့ အတိအလင်း စွပ်စွဲထားသလို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတစ်ခုလည်း ကြေညာထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG