သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အီရန် စစ်ဖြစ်နိုင်ဖွယ် ဂျပန်ဝန်ကြီးချုပ်သတိပေး


တကယ်လို့ အမေရိကန်နဲ့ အီရန်တို့ကြားက အရှိန်မြင့်လာတဲ့ တင်းမာမှုတွေ လျော့ပါးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိတ်ရှည်သည်းခံမှု မရှိဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် စစ်ရေးပဋိပက္ခတွေနဲ့ ကြုံရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က သတိပေးလိုက်ပါတယ်။

၂ နိုင်ငံကြား ရန်လိုနေမှုတွေကနေ ဒေသတွင်းပဋိပက္ခတွေ ထပ်ဖြစ်လာမယ့်အရေး လျော့ပါးစေဖို့ ရည်ရွယ်ပြီး လာရောက်ခဲ့တဲ့ ဝန်ကြီးချုပ် Abe ဟာ အီရန်နိုင်ငံ တဟီရန်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်လာခဲ့တာပါ။ အီရန်သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံအပြီးမှာတော့ ခေါင်းဆောင် ၂ ဦးဟာ ပူးတွဲ သတင်းစာရှင်းလင်းခဲ့တာ ဖြစ်ပြီး နောက်ထပ်ပဋိပက္ခတွေနဲ့ ရင်မဆိုင်ရစေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ စိတ်ရှည်ကြဖို့ ဝန်ကြီးချုပ် Abe က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အီရန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Morgan Ortagus ကို သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာ သူက အမေရိကန်၊ ဂျပန်၊ ဂျာမနီနဲ့ တခြား ဥရောပမဟာမိတ်တွေ အနေနဲ့ အီရန်ကို နျူကလီယားလက်နက်တွေ မထုတ်ဖို့နဲ့ အရှေ့အလယ်ပိုင်း ဒေသ တည်ငြိမ်ရေး ပျက်ပြားအောင် မလုပ်ဖို့အတွက် အလားတူ ပြောကြားကြမယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သိပ်မကြာခင်က ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတ Donald Trump ဟာ မကြာခင်မှာ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Abe က အီရန်ကို ဒေသတွင်း ငြိမ်းချမ်းရေးခိုင်မာအောင် လုပ်ဆောင်ရေးမှာ အဓိက ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ဖို့ ပန်ကြားခဲ့ပါတယ်။ အီရန်သမ္မတ Rouhani ကလည်း အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်အောင် လုပ်နေတာမဟုတ်ကြောင်း ဒါပေမယ့် တကယ်လို့ အမေရိကန်ဘက်က တိုက်ခိုက်လာရင် တုန့်ပြန်မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG