သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုရီးယား Nuclear စမ်းသပ်မှုအပေါ် Trump နဲ့ Abe သဘောထားကွဲ


အမေရိကန် သမ္မတ DonaldTrump နဲ့ ဂျပန် ၀န်ကြီးချုပ် Shinzo Abe

မြောက်ကိုရီးယားရဲ့ မကြာခင်က ဒုံးကျည် စမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်သလားဆိုတဲ့ အပေါ် အမေရိကန် သမ္မတ Donald Trump နဲ့ ဂျပန် ၀န်ကြီးချုပ် Shinzo Abe တို့ မတူကွဲပြားတဲ့ ရှုမြင်ချက်တွေကို မနေ့ တနလာင်္နေ့က ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး အလုံးစုံ ရည်မှန်းချက်အပေါ်မှာတော့ တညီတညွတ်တည်း ရှိနေကြဆဲပါ။ တိုကျိုက ဆွေးနွေးပွဲ အပြီး လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် သမ္မတ Trump က မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဘက်က အာရုံစိုက်လာအောင် လုပ်တာလို့ ရှုမြင်ကြောင်း ပြောဆိုပြီး ဒီလုပ်ရပ်တွေကြောင့် သူ့အနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ ပြောဆိုခဲ့တာပါ။ ဂျပန် ၀န်ကြီးချုပ် Abe ကတော့ ဒီစမ်းသပ်မှုတွေက လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တာလို့ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရနဲ့ ညှိနှိုင်းမှုမှာ ဆိုရင် မြောက်ကိုရီးယားဘက်က ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသားတွေ အရေး ဖြေရှင်းဖို့ စိတ်အ၀င်စားဆုံး ဖြစ်တယ်ဆိုတာကိုလည်း ဂျပန် ၀န်ကြီးချုပ်က ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ခေါင်းဆောင်ဘက်ကတော့ စီးပွားရေး ကိစ္စတွေ အပေါ်မှာ အထူးအလေးထားပြီး ပြောဆိုခဲပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေး မညီမျှမှုကို လျှော့ချနိုင်မယ့် ကုန်သွယ်ရေး သဘောတူညီချက်မျိုးကို တရုတ်၊ ဂျပန်တို့နဲ့ ရရှိရေး မျှော်လင့်ချက်တွေကိုလည်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။ တနလာင်္နေ့မှာ ကျရောက်တဲ့ အမေရိကန် ကျဆုံး စစ်သည်များကို အောက်မေ့ ဂုဏ်ပြုတဲ့ Memorial Day အထိမ်းအမှတ် အဖြစ် ဒီကနေ့ အင်္ဂါနေ့မှာတော့ အမေရိကန် သမ္မတက တိုကျိုမြို့ပြင်က Yokosuka ရေတပ် အခြေစိုက် စခန်းက အမေရိကန် စစ်သည်တွေကို မိန့်ခွန်းပြောမှာ ဖြစ်ပြီး အမေရိကန် သမ္မတနဲ့ သမ္မတ ကတော် Melania Trump တို့ ဂျပန် ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတရဲ့ ဂျပန် ခရီးစဉ်အတွင်း မြောက်ကိုရီးယား အရေး၊ ကုန်သွယ်ရေးတို့နဲ့ ပတ်သက်ပြီး ကွဲပြားချက်တွေ ရှိခဲ့ပေမယ်လို့လည်း ဒေသတွင်းက မဟာမိတ်တွေရဲ့ လုံခြုံရေး အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်ကို အထူးထင်ဟပ်စေတာ ဖြစ်သလို ဂျပန် ၀န်ကြီးချုပ် အတွက်လည်း ဂျပန် အနေနဲ့ သူ့ရဲ့ ကာကွယ်ရေး ၀န်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်နေတယ်ဆိုတာကို ပြသနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG