သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားနဲ့ခြိမ်းခြောက်တဲ့ သမ္မတ Trump တကယ်စစ်တိုက်မလား


အမေရိကန်သမ္မတ က အိမ်ဖြူတော်မြက်ခင်းပြင်မှာ သတင်းထောက်မေးခွန်းကို နားထောင်နေစဉ်။ (မေ ၁၄၊ ၂၀၁၉)
အမေရိကန်သမ္မတ က အိမ်ဖြူတော်မြက်ခင်းပြင်မှာ သတင်းထောက်မေးခွန်းကို နားထောင်နေစဉ်။ (မေ ၁၄၊ ၂၀၁၉)

မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနဲ့ အီရန်နိုင်ငံတွေအပေါ် အမေရိကန်က တပ်အင်အားသုံးတဲ့ ဗျူဟာအတိုင်း သူ့ရဲ့တခြား ဆန့်ကျင်ဘက် နိုင်ငံတွေအပေါ် ကျင့်သုံးဖို့ သမ္မတ Donald Trump နဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က အာရုံစိုက်လာတဲ့ သဘောကို တွေ့လာရပါတယ်။ ဒါပေမဲ့လည်း သမ္မတ Trump ရဲ့တခြားနိုင်ငံ ပဋိပက္ခတွေမှာ ကြားဝင်ပတ်သက်မှု မလုပ်လိုတဲ့ အချက်ကြောင့် ဒီလို တပ်အင်အားသုံးမယ့် ခြိမ်းခြောက်မှု တွေကိုသိပ်စိုးရိမ်စရာမရှိဘူးလို့ ဝေဖန်သုံးသပ်သူတွေက ပြောပါတယ်။ VOA သတင်းထောက် Brian Padden ရဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

သမ္မတ Trump က အမေရိကန်ရဲ့ ဆန့်ကျင်ဘက် နိုင်ငံတွေအရေးနဲ့ ပတ်သက်လာရင် စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုလေ့ရှိပါတယ်။ ဒီအပေါ်မှာ The Brookings Institution က Michael O'Hanlon က သူ့အမြင်ကို အခုလိုပြောပါတယ်။

“သမ္မတ Trump ကို ပျော့ပျောင်းတဲ့ သဘောထားရှိသူလို့ မမြင်ရင်တောင် စစ်ကိုမလိုလားတဲ့သူ တယောက်လို့ မြင်ရင်တောင် မဆိုးပါဘူး။ တကယ်က သူက စစ်ကို မလိုလားတဲ့သူပါ။”

သမ္မတ Trump က မြောက်ကိုရီးယားကို အမြဲဒေါသတကြီး ခြိမ်းခြောက်နေတဲ့အပေါ်မှာ သုံးသပ်သူတွေ အမြင်ကတော့ ဒါဟာ မြောက် ကိုရီးယား ခေါင်းဆောင်ကို နြူကလီယားဖျက်သိမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းကို ရောက်လာအောင် ခေါ်တဲ့သဘောပဲဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိမှာတော့ မြောက်ကိုရီးယားက ပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာနဲ့ မြောက်ကိုရီးယားရဲ့ ကုန်တင်သင်္ဘောကို ကျောက်မီးသွေး တင်ပို့မှု ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က ဖမ်းဆီးထိန်းသိမ်းထားတာတွေကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးမှုတွေမှာ သဘောတူညီချက်တစုံတရာမရဘဲ ရပ်ဆိုင်းနေပါတယ်။

အီရန်အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုတွေဟာလည်း တကယ်က အီရန်ရဲ့ နြူကလီယားနဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်နေတာတွေကို အဆုံးသတ်စေချင်တာဖြစ်သလို ဗင်နီဇွဲလားကို စစ်တပ်စေလွှတ်တာဟာလည်းအာဏာရှင် ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို ဖြုတ်ချလိုရင်းအတွက် ဖိအားပေးတာလို့ ယူဆနိုင်ပါတယ်။ အီရန်ကိုတားဆီးဖို့ အမေရိကန်က ရေတပ်တိုက်ခိုက်ရေးအဖွဲ့ကို မြေထဲပင်လယ်ထဲကို စေလွှတ်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က အရှေ့အလယ်ပိုင်းဒေသကို တပ်အင်အားတသိန်း နှစ်သောင်း စေလွှတ်ဖို့ပြင်ဆင်နေတဲ့ သတင်းတွေအပေါ် ငြင်းဆိုနေတဲ့ကြားမှာပဲ သမ္မတ Trump ရဲ့တပ်အင်အားပြ ခြိမ်းခြောက်လိုတဲ့သဘောကို တွေ့ရပါတယ်။

“ကျနော်- တပ်တွေလွှတ်မလား။ လွှတ်မှာပေါ့။ အစီအစဉ်တွေတော့ မလုပ်ရသေးဘူး။ လုပ်ချင်မှလည်းလုပ်မယ်။ လွှတ်ရင်တော့ ဒီထက်ပို များလိမ့်မယ်။”

သမ္မတ Trump က ပဋိပက္ခ ကြီးကြီးမားမားတွေမှာ ပါဝင်ပတ်သက်လိုတဲ့ သဘောမရှိပေမဲ့ သူ့ရဲ့ ကြမ်းတမ်းတဲ့ အပြောအဆိုတွေကြောင့် သူ့ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဘက်နိုင်ငံတွေက အလေးအနက် သဘောထားကြပါတယ်လို့ The Brookings Institution က Michael O'Hanlon က ပြောပါတယ်။

“ကျနော့်အထင် သမ္မတရဲ့ စိတ်နေစိတ်ထား၊ သူခြိမ်းခြောက်တာတွေကို သေချာလေ့လာကြည့် ရင် သူခြိမ်းခြောက်နေသလို လုပ်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာ မြင်နိုင်ပါတယ်။”

စစ်ရေးအရ ခြိမ်းခြောက်တာ တကယ်တော့ အန္တရာယ်များတဲ့ ကစားနည်းတခုပါ။ ဒါက အန္တရာယ်များသလို အတွက်အချက်မှားသွားရင် ကမ္ဘာရန် ဖြစ်သွားနိုင်ပါတယ်။ စစ်မက်ဖြစ်နိုင်ချေကို သိရက်နဲ့ အန္တရာယ် ခံတွင်း၀ အထိတိုးဝင်စွန့်စားလိုတဲ့ သမ္မတ Trump ရဲ့ မူဝါဒကို ထောက်ခံသူတွေရှိသလို ဒီလိုဖိအားတွေက တကယ်တော့ ပိုပြီးဆိုးဝါးတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ရှုမင်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG