ဂျပန် ဒိုင်းယက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီက အကြီးတန်း အရာရှိကြီး တဦးဖြစ်တဲ့ ဒုတိယ အတွင်းဝန် မစ်စ် မာကီကို ကီကူတာ (Makiko Kikuta) ဟာ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မစ်စ် ကီကူတာဟာ မြန်မာအစိုးရသစ်အဖွဲ့ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာက အဆင့်မြင့် အရာရှိကြီးတွေ တဦးပြီးတဦး မြန်မာနိုင်ငံကို လာရောက်နေရာမှာ အခု ဂျပန်နိုင်ငံကလည်း အဆင့်မြင့် သံတမန်တဦးကို စေလွှတ်မှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ မစ်စ် မာကီကို ကီကူတာ လာရောက်ဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မတ်ဆုနာဂက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။
“လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ်စ် ကီကူတာ မြန်မာနိုင်ငံကို သွားမှာပါ။ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိပါ။ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေးရာ ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို မစေလွှတ်တာ ၃ နှစ် ရှိပါပြီ။ အခု ဂျပန်အစိုးရရဲ့ ထိပ်တန်း သံတမန်တဦးဖြစ်တဲ့ မစ်စ် ကီကူတာ သွားရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလတုန်းက နောက်ဆုံးသွားခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ္စတာ အူနိုပါ။” လို့ ပြောသွားပါတယ်။
ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့အတွက် လိုနေသေးတယ်လို့ သတ်မှတ်ထားပေမဲ့ မစ်စ် ကီကူတာကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံရဲ့ ငွေကြေး ကူညီ ထောက်ပံ့မှုတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေး ဆိုင်ရာတွေကို ဆွေးနွေးဖို့အတွက် လိုလားနေသလို သူ့ရဲ့ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ထွန်းကားဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတဲ့ အစိုးရသစ် အဖွဲ့နဲ့ ဂျပန်အစိုးရကြား ဆက်ဆံမှုအသစ်တွေ ထူထောင်နိုင်ဖို့အတွက် ပထမခြေလှမ်း အဖြစ်နဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ခံတွေနဲ့သာမက ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ နာဂက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ သူရှိနေတုန်း မြန်မာအစိုးရ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအထဲမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း ပါပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။” လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် သြဂုတ်လမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယူရီကို ကာဝါဂူချီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာမို့ အခု မစ်စ် ကီကူတာဟာ ၉ နှစ်ကျော် ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံမယ့် ဂျပန် ထိပ်တန်း အရာရှိကြီးတဦး ဖြစ်ပါတယ်။ သူဟာ မြန်မာအစိုးရသစ်နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို ကြားရမယ်လို့ မျှော်လင့်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရကလည်း…
“သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ်။
အခု ဂျပန် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှာ အသတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိ နာဂါအိ (Kenji Nagai) သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းဖို့ ရှိတယ်လို့လည်း မစ်စ် ကီကူတာက သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်အစိုးရဟာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာနဲ့ အရေးပေါ် ထောက်ပံ့မှုတွေကလွဲပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အကူအညီ ပေးမှုတွေကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။