သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ရုရှား လုံခြုံရေးတိုးမြှင့်ဖို့ သဘောတူ


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida (ယာ) တို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၁၊ ၁၃)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida (ယာ) တို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၁၊ ၁၃)
ဂျပန်နဲ့ရုရှားက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို စနေနေ့က ကျင်းပခဲ့ကြပြီး ဒီအစည်းအဝေးအတွင်း တရုတ်နိုင်ငံက ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု တိုးလာနေတဲ့အပေါ် စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ ၂ နိုင်ငံကြား အာရှ-ပစိဖိတ်ဒေသမှာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပေမဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကြောင့် ဂျပန်နဲ့ရုရှားနိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသလို အမေရိကန်ရဲ့ ဒုံးကာကွယ်ရေး အစီအစဉ်မှာ ဂျပန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရုရှားဘက်က စိုးရိမ်မှုတွေ ရှိနေပေမဲ့လို့ နှစ်နိုင်ငံကြားမှာ လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတာပါ။

ဂျပန်နဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဒီကနေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးဟာ နှစ်နိုင်ငံအကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးအတွင်း ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပင်လယ်ဓားပြရန် ကာကွယ်ရေးအတွက် ၂ နိုင်ငံ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်ဖို့၊ ဒေသတွင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့လည်း သဘော တူညီမှု ရရှိခဲ့ကြပါတယ်။

နောက်ထပ် ဆွေးနွေးမှုတွေအတွက် မော်စကိုမြို့တော်ကို ရှေ့နှစ်ထဲ လာရောက်ကြဖို့ ဂျပန်ဝန်ကြီးတွေ ကို ဖိတ်ကြား ထားကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ (Sergei Lavrov) က ပြောပါတယ်။
XS
SM
MD
LG