သုံးရလွယ်ကူစေသည့် Link များ

တရုတ်၊ ကိုရီးယား ခေါင်းဆောင်များ ငလျင်ဒဏ်သင့် ဂျပန်ကို အားပေး

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်၊ ကိုရီးယား ခေါင်းဆောင်များ ငလျင်ဒဏ်သင့် ဂျပန်ကို အားပေး

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ထိပ်သီးညီလာခံ တက်ရောက်ကြမယ့် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေက ဂျပန်နိုင်ငံကို ကြိုတင်လာရောက်ပြီး အားပေးထောက်ခံမှုကို ပြသခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) နဲ့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) တို့ဟာ စနေနေ့မှာ ဂျပန်နိုင်ငံကို ရောက်လာကြပြီး ဓာတ်ရောင်ခြည် ယိုစိမ့်ထွက်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုနဲ့ မိုင် ၃၀ ကျော်လေးပဲ ဝေးတဲ့ ဖူကူရှီးမား (Fukushima) မြို့က ကယ်ဆယ်ရေး စင်တာကို သွားရောက်ခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) နဲ့အတူ တရုတ်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေဟာ ဒုက္ခသည်တွေကို နှုတ်ဆက် အားပေးစကား ပြောခဲ့ကြပါတယ်။ အဲဒီဒေသထွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ခေါင်းဆောင်တွေ စားပြခဲ့ကြပါတယ်။

ဒီလိုအားပေးတဲ့ လုပ်ရပ်ကြောင့် ဒေသ နာလန်ပြန်ထူလာရေးအတွက် အထောက်အကူ ဖြစ်သလို လယ်ယာထွက်ကုန် အရောင်းလည်း တက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဂျပန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆူနာမီ ဒီလှိုင်းကြီးတွေ တက်လာစဉ်က တရုတ်အလုပ်သမား အယောက် ၂၀ ကို ဘေးလွတ်ရာ ပို့ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ကိုယ်တိုင် ရေနစ်သေဆုံးသွားတဲ့ ဂျပန်မန်နေဂျာ အလုပ်လုပ်ခဲ့ရာ လုပ်ငန်းခွင်ဆီကိုလည်း တရုတ်ဝန်ကြီးချုပ် သွားရောက်ခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီဘေးဒဏ် ကယ်ဆယ် ကူညီရေးအတွက် တရုတ်ရော တောင်ကိုရီးယားကပါ အရေးပေါ် အကူအညီတွေကို ရက်ပိုင်းအတွင်းမှာပဲ စေလွှတ်ပေးခဲ့တာပါ။

ဒီနေ့ တနင်္ဂနွေနေ့ စတင်မယ့် ထိပ်သီး ညီလာခံမှာတော့ သဘာဝဘေးဒဏ် ကျရောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချမှုရှိရေး ကိစ္စတွေအပြင် ကုန်သွယ်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန်ကြား ပိုင်နက် အငြင်းပွားမှုကြောင့် ပြီးခဲ့တဲ့နှစ်က ထိခိုက်ခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည် ပြေလည်နိုင်ဖို့ အခွင့်အလမ်းတခု ဖြစ်မယ်လို့လည်း ဒီထိပ်သီးညီလာခံကို ဂျပန်နိုင်ငံက မျှော်လင့်နေပါတယ်။

XS
SM
MD
LG