သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဆူနာမီ တနှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ


သမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယား ပေါက်ကွဲမှုကြီး ဖြစ်စေခဲ့တဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီ ဒီလှိုင်းကြီးတွေရဲ့ ဒဏ်ခံခဲ့ရတာ တနှစ်ပြည့်တဲ့ ဂျပန်နိုင်ငံမှာ အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဂျပန်ဧကရာဇ် အကီဟီတို ဦးဆောင်ပြီး သန်းနဲ့ချီတဲ့ ဂျပန်ပြည်သူတွေ ပါဝင် ဆုတောင်းခဲ့ကြတဲ့ တိုကျို မြို့တော်က အထိန်းအမှတ် အောက်မေ့ဘွယ်အခမ်းအနားကို ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက်ပြသခဲ့ပါတယ်၊

“လူတွေရဲ့ စိတ်အင်အားတွေကို ကျနော်တို့ အခုအချိန်မှာ အထူးကို အသိအမှတ်ပြုပါတယ်၊ အသက်ရှင် ကျန်နေခဲ့ကြသူတွေ၊ ဘေးဒုက္ခခံရတဲ့နေရာတွေဆီကို သွားပြီး ကူညီပေးကြသူတွေ၊ နျူကလီးယား စကရုံ ထိခိုက်ပျက်ဆီးမှု အခြေအနေ ပိုဆိုး မသွားအောင် ကြိုးစားလုပ်ပေး ခဲ့ကြသူတွေရဲ့ စိတ်ဓါတ်တွေကို လေးလေးနက်နက်ကို အသိအမှတ်ပြုပါတယ်။” - လို့ ဂျပန်ဧကရာဇ် အကီဟီတိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့တုန်းက ပြင်းအား ၉ ရစ်ချ်တာ စကေးရှိတဲ့ မြေငလျင် လှုပ်ခတ်သွားခဲ့ချိန် ဂျပန်စံတော်ချိန် ညနေ ၁ နာရီ ၄၆ မိနစ်အတိမှာ ဂျပန်ပြည်သူတွေ ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။ မြေငလျင်ကြောင့် ဂျပန်အရှေ့မြောက်ပိုင်းမှာ ဆူနာမီ ဒီလှိုင်းကြီးတွေ ဖြစ်ပေါ် ရိုက်ခတ်ခဲ့လို့ လူပေါင်း တစ်သောင်းကိုးထောင်ကျော် သေဆုံးပြီး သုံးထောင်လောက် ပျောက်ဆုံးခဲ့ကြပါတယ်။ ဆူနာမီဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ကမ်းရိုးတမ်း ဒေသဘက်မှာလည်း သီးသန့် အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဆူနာမီ ဒီလှိုင်းကြီးတွေကြောင့် ဖူကူရှီးမား ဒိုင်အိချိ (Fukushima Dai-ichi) နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဓါတ်ပေါင်းဖို ၃ ခု ပျက်ဆီးသွားခဲ့ပြီး အဲဒီဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာအထိ လူတွေနေလို့ မရနိုင်လောက်တဲ့ ပမာဏ ဓာတ်ရောင်ခြည် သင့်ခဲ့ပါတယ်။ တနှစ်ပြည့်ချိန်အထိ ဘဝတွေကို ပြန်လည် ထူထောင်ဖို့ ကြိုးစားနေကြရတဲ့ ဂျပန်ပြည်သူတချို့ဟာ ယာယီ အိမ်ယာတွေမှာ နေထိုင်နေကြရပြီး အများအပြားဟာလည်း အလုပ်အကိုင်မရှိ ဖြစ်နေကြပါတယ်။

ခုလို သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပနေတဲ့ တချိန်တည်းမှာပဲ နျူကလီးယား ဆန့်ကျင်ဆန္ဒပြသူ ၅၀ လောက် တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အားလုံးကို ပိတ်ပစ်ဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG