သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်းတိုင်ဖုန်း ဂျပန်ကျွန်းမကြီးကို တိုက်ခိုက်


ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ ဟွန်းရှုးကျွန်းကို ဦးတည်တိုက်ခိုက်လာနေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ နဲ့ ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရသလို၊ လျှပ်စစ်မီးပြတ်တောက်တာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ အခုအခါမှာ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ နေရာတွေကနေလည်း လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းအတွင်း အကြီးအကျယ်ရေလွှမ်းမိုးတာခံလိုက်ရတဲ့ အိုဆာကာမြို့က Kansai နိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကို တနင်္ဂနွေနေ့မနက် ၁၁ နာရီကနေ တနင်္လာနေ့ မနက် ၆ နာရီအထိ ပိတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီလေဆိပ်ကို စက်တင်ဘာ ၂၁ ရက်နေ့ကမှ အကုန်လုံးပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေအနေနဲ့ ခရီးစဉ်ပေါင် ၁၁၀၀ ကျော်ကို ဖျက်ပစ်ခဲ့ရတယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်း နဲ့ အနောက်ပိုင်းဒေသ တွေက လော်ကယ် ရထားတွေနဲ့ ကျည်ဆံရထားတွေ ပြေးဆွဲမှုအတော်များများကို ရပ်ဆိုင်းထားတယ်လို့လည်း ဂျပန် အနောက်ပိုင်း နဲ့ အလယ်ပိုင်းက ရထားပို့ဆောင်ရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ တိုကျိုမြို့ပေါ်က ရထားခရီးစဉ်တွေအားလုံးကို တနင်္ဂနွေနေန့ ည ၈ နာရီကစပြီး ရပ်ဆိုင်းသွားမှာဖြစ်သလို၊ ကျည်ဆန်ရထားခရီးစဉ်တချို့ကိုလည်း ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ဂျပန်အရှေ့ပိုင်းရထားဌာန က ပြောပါတယ်။ ဒါ့အပြင် မြေအောက်ရထားပြေးဆွဲမှုတချို့ကိုလည်း ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ တိုကျိုရထားပို့ဆောင်ရေး ဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အနောက်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေက အိမ်ခြေ ၇ သိန်းကို ဘေးလွတ်ရာကို ရွှေဖို့အမိန့်ထုတ်ထားပြီး၊ အိုကီနာဝါ နဲ့ ကာဂိုရှီးမာ ခရိုင်တွေမှာရှိတဲ့ အိမ်ထောင်စု ၃ သိန်းလောက် လျှပ်စစ်မီးပြတ်တောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး၊ လူ ၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG