ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မယ်လို့ အစိုးရက ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန် အနောက်တောင် ပိုင်းကနေ တရွေ့ရွေ့တိုက်လာနေတဲ့ မုန်တိုင်းဟာ တနင်္ဂနွေ ညဉ့်နက်သန်းခေါင်အချိန်မှာ တိုကျိုမြို့ကို ဖြတ်မှာဖြစ်တဲ့အတွက် တိုကျိုမြို့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ တိုကျိုမြို့က မြန်မာမိသားစုတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြ မှာပါ။
တိုကျိုမြို့မှာနေထိုင် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးက တိုင်ဖုန်းမုန်တိုင်း အခြေအနေကို ပြောပြပါတယ်။
"အခု ည ၈ နာရီကနေစပြီး ရထားတွေလည်း အကုန်ရပ်သွားပြီ။ ကားတွေလည်း လမ်းမမှာ မရှိသလောက်ဖြစ်သွားပြီ။ လေကလည်းတော်တော်လေးတိုက်နေတယ်။ အပြင်မှာ အရေးပေါ်ကားတွေလည်းသွားနေကြတယ်။ ဘာဖြစ်လဲတော့မသိဘူးပေါ့နော်။ ဒါပေမယ့် စောစောစီးစီ းရထားပိတ်တယ်ဆိုတာက ဒါက ပထမဦးဆုံးအကြိမ်ပဲ။ ၈ နာရီအထိ ရထားပိတ်တယ်ဆိုတာ တခါမှ မရှိဖူးဘူး၊ မကြားဖူးဘူး။ လောလောဆယ်တော့ TV သတင်းက လာနေတာကတော့ ဖြစ်နိုင်လို့ရှိရင်၊ ကိစ္စမရှိရင် အပြင်လုံးဝမထွက်ပါနဲ့တဲ့ ။ ည ၁၁ နာရီနောက်ပိုင်း ကနေ ၃ နာရီအထိလောက်က တိုကျိုမှာ ကြမ်းမယ်ဆိုတဲ့သတင်းအခုလေး လာနေပါတယ်ရှင့်။ ရေကတော့ မပြတ်ဘူး၊ မီးတွေက ပျက်တဲ့နေရာတွေ တော်တော်လေး ပျက်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဖုန်းတွေဘာတွေလည်း charging အားသွင်းထားဖို့ TV မှာ အခုသူတို့ပြောနေတယ်။"
တိုင်ဖုန်းမုန်တိုင်း တိုကျိုကိုဝင်လာမယ့် အခြေအနေကြောင့် စားသောက်ဆိုင်တွေ အကုန်ပိတ်ထားရကြောင်း ဆွေမြန်မာ စားသောက်ဆိုင် ပိုင်ရှင် ဒေါ်သန်းသန်းကြိုင်က ပြောပါတယ်။
"တိုကျိုမှာ မုန်တိုင်းဝင်မယ်ဆိုရင် ရထားတွေကို ၈ နာရီမှ ာပိတ်မယ်လို့ပြောတဲ့အတွက်ကြောင့် ဆိုင်မှာလာလုပ်တဲ့ ကလေးတွေကိုလည်း ၈ နာရီမထိုးခင်မှာ သူတို့ကိုပြန်ပြီးတော့ လွှတ်ရတာပေါ့နော်။ အပြင်မှ ာရှိနေတဲ့လူတွေကလည်း ရထားပိတ်ရင် အပြင်မှာ ပြန်လို့မရမှာစိုးလို့ နောက်ပြီးတော့ ဧည့်သည်တွေပေ့ါ အမြန်ပြန်ကြတဲ့အတွက်ကြောင့် ဆိုင်တွေအားလုံးက စောစောပိတ်ရတဲ့အတွက်ကြောင့် ဘာပဲပြောပြော ဒီနေ့ ရောင်းရတဲ့ ဝင်ငွေက လျော့သွားတာပေါ့ရှင်။ အဲဒါကြောင့် ကိုယ့်အတွက်ကတော့ ထိခိုက်တာပေါ့။ TV ကနေ ကြေညာထားတဲ့အတွက်ကြောင့် တချို့လူတွေကတော့ ပြင်ဆင်ထားတာပေါ့။ ကျမတို့လည်း နည်းနည်းပါးပါးတော့ စားစရာလေးတွေ ရေလေးတွေ ဘာလေးတွေတော့ စုဆောင်း ထားတာပေါ့နော်။
ဂျပန်တောင်ပိုင်းကနေ မြောက်ပိုင်းကို ဦးတည်ရွေ့လျားနေတဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်အစိုးရက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေးတဲ့အကြောင်းကို NHK သတင်းဌာန မြန်မာပိုင်းမှာလုပ်နေတဲ့ ဦးကျော်ကျော်စိုးက ခုလိုရှင်းပြပါတယ်။
"အခုလောလောဆယ်တော့ Osaka ကိုကျော်သွားတဲ့ နေရာမှာ ရောက်နေပြီ။ မုန်တိုင်းက .. မုန်တိုင်းရွှေ့လျားတဲ့ နှုန်းက နှေးတဲ့အတွက် ၁ နာရီမှ ၁၀ ကီလို ၁၅ ကီလိုလောက်ပဲသွားတာ ။ လောလောဆယ် တိမ်းရှောင်ဖို့အတွက် အမိန့်ထုတ်ထားတယ်။ လူ ၁ သိန်းကျော်ကတော့ ခိုလုံရေးစခန်းတွေမှာ ပြောင်းပြီး နေနေကြတာပေါ့လေ။ အဲဒါက ကာဂိုရှီးမား၊ ဟီရိုရှီးမား၊ ဝါကယာမ၊ နာရာ ၊ အဲ့ဟီမဲ့ ၊ တော်ကူးရှီးမား ..။ နေထွက်တဲ့ အချိန်လောက်ဆိုရင် တိုကျို ပတ်ဝန်းကျင်ကို ဖြတ်မှာ ။ ပြည်သူပိုင် မူလတန်းကျောင်းတွေမှာ အားလုံးနီးပါးက ခိုလုံရေးစခန်းတွေ လုပ်ထားတယ်။ အဲဒီမှာ သူတို့က အကုန်ကြေညာထားပြီးသား၊ ဆိုင်းဘုတ်တွေထောင်ထားတယ် Emergency Shelter Area ဆိုပြီးတော့ ရေးထားတယ်။ အဲဒီမှာ အရေးကြီးကိစ္စ ရှိတဲ့အခါကျရင် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါကျရင် လူတွေ ကိုယ့်အိမ်မပြန်နိုင်ဘူးဆိုရင် သူတို့ဆီမှာသွားပြီးတော့ စောင်ရှိတယ်၊ ရေရှိတယ် စားစရာ အခြောက်အခြမ်းတွေရှိတယ်။ ခဏတဖြုတ် တညတာလောက် တည်းခိုလို့ရတဲ့ဟာတွေ လုပ်ထားပေးတာ။"
တိုင်ဖုန်းမုန်တိုင်းကြောင့် တိုကျိုအပါအဝင် အခြားမြို့ကြီးတွေမှာ လေယာဉ်ခရီးစဉ်တွေရော ရထားခရီးစဉ်တွေပါ ဖျက်သိမ်းခဲ့ရသလို၊ လျှပ်စစ်မီး ပြတ်တောက်တဲ့ နေရာအများအပြားလည်း ရှိနေပါတယ်။