သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ပြန်လည်ထူထောင်ရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မည်


ဂျပန် ပြန်လည်ထူထောင်ရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မည်

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဆူနားမီဒဏ်တွေ ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပုဂ္ဂလိက တဦးချင်းစီ ဒါမှမဟုတ် အစုလိုက် အဖွဲ့လိုက် ပူးပေါင်း လုပ်ဆောင်နိုင်ရေး စီစဉ်ပေးဖို့ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ သဘောတူလိုက်ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် (Hillary Clinton) ဂျပန်နိုင်ငံကို တရားဝင် အလည်အပတ်ခရီး ရောက်ရှိနေစဉ် တနင်္ဂနွေနေ့က အခုလို ကြေညာလိုက်တာပါ။ ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနားမီဒဏ်တွေ ခံခဲ့ရပြီးနောက် သွေးစည်းညီညွတ်မှု ပြသတဲ့အနေနဲ့ရော၊ လတ်တလော ရင်ဆိုင်နေရတဲ့ နျူကလီးယား အခက်အခဲကိစ္စကိုပါ အားပေး ထောက်ခံမှု ပြသတဲ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ဂျပန်နိုင်ငံကို ရောက်နေတာပါ။

သူ့ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်ကီယာကီ မက်ဆူမိုနို (Takeaki Matsumoto) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဂျပန် ဧကရာဇ်ဘုရင် အကီဟီတို (Akihito)၊ မိဖုရား မီချီကို (Michiko) တို့နဲ့လည်း လ္ဘက်ရည် အတူသောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဂျပန်နိုင်ငံကို ခရီးမဆက်ခင် တောင်ကိုရီးယားနိုင်ငံကို အရင် သွားရောက်ခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ရှိနေစဉ်အတွင်း နှစ်နိုင်ငံ အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို အတည်ပြုဖို့ သမ္မတ အိုဘားမားအစိုးရ အနေနဲ့ သံန္နိဌာန် ချထားတဲ့အကြောင်း တနင်္ဂနွေနေ့မှာပဲ မစ္စစ် ကလင်တန်က ပြောခဲ့ပါတယ်။

တကယ်လို့ အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်သာ အတည်ဖြစ်သွားခဲ့ရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အကျိုးတူ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေဖြစ်တယ် ဆိုတာကို ပြသရာရောက်မယ့်အကြောင်း ဆိုးလ်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီး ကလင်တန်က ပြောခဲ့ပါတယ်။

XS
SM
MD
LG