သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်တွင်း အမုန်းစကားပြန့်ပွားစေမှု Facebook တာဝန်ခံရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဆို


Jeremy Hunt
Jeremy Hunt

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ခေါင်း ဆောင်တွေကို အရေးယူရေး တောင်းဆိုနေကြသလို ဒီလို အကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း စကားတွေကို လက်ခံဖြန့်ဖြူး ပေးခဲ့တဲ့ Facebook လူမှုကွန်ယက် အနေနဲ့လည်း တာဝန်ယူရလိမ့် မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောဆိုပါတယ်။ အမုန်းကစား ပြန်ပွားမှုတွေ ကို Facebook ဘက်က တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လာတာတွေ ရှိပေမဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အတွက် တာဝန်ယူရမယ်လို့ သူက ပြောဆိုတာပါ။ ဒီပြောဆိုချက်အပေါ် မြန်မာနိုင်ငံရေး လေ့လာသူတွေရဲ့ အမြင်တွေနဲ့အတူ ဦးသိန်းထိုက်ဦးက သတင်းပေးပို့ပါတယ်။

မြန်မာနိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားမှုတွေနဲ့ သတင်းမှားတွေ ဖြန့်ချိနေတာကို ဟန့်တားမယ့် အစီအစဉ်တွေ Facebook လူမှုကွန်ယက် ကုမ္မဏီကကြေညာပြီး အရေးယူဆောင်ရွက်နေချိန်မှာပဲ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့လည်း တာဝန်ရှိတယ်ဆိုတဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။ Facebook လူမှုကွန်ယက် ကို သုံးပြီး အမုန်းစကားပြန့်ပွားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စုံးစမ်းစစ်ဆေးရေးကိစ္စ၊ ဗြိတိန်နိုင်ငံရဲ့ရပ်တည်ချက် မေးမြန်းထားတာကို Twitter လူမှု ကွန်ယက်ကနေ အခုလို Video နဲ့ ပြန်လည်ဖြေကြားတာပါ။

“Facebook Platform ကို သုံးပြီး အကြမ်းဖက်မှု ဖြစ်စေတဲ့ သတင်းစကားတွေနဲ့၊ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်အောင် သွေးထိုးခဲ့တာတွေ ရှိပါတယ်။ ဒါမျိုးမဖြစ်အောင် Facebook အနေနဲ့ အာမခံဖို့လိုသလို သူတို့ Platform ကို သုံးပြီး ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ တာဝန်ယူရပါ လိမ့်မယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကို တာဝန်ယူဖို့ တောင်းဆိုတာမျိုးပါ။”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ကပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက်အကောင့်ကို Facebook ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အတွက် ကြောင့် ပိတ်ပစ် လိုက်ကြောင်း Facebook က ကြေညာခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ရဲ့ ကိုယ်ပိုင်အကောင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးအကောင့်အပြင် စစ်တပ်ရဲ့ မြဝတီ ရုပ်သံ လိုင်းတွေ၊ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ အကောင့်တွေကို Facebook က ပိတ်ပင်ခဲ့ တာပါ။

အမုန်းစကားတွေ၊ သတင်းမှားတွေကို Facebook ပေါ်ကနေ ဖြန့်ဝေတာတွေကို Facebook က တိုးမြှင့် အရေးယူ ဆောင်ရွက်လာတဲ့အတိုင်း မြန်မာနိုင်ငံတွင်းက ဒီလို အကောင့်တွေကို နည်း ပညာကောင်းကောင်းနဲ့ ပိုပြီး ဖော်ထုတ် ဆောင်ရွက်လာနိုင်တာ ဖြစ်တယ်လို့လည်း Facebook ကုမ္ပဏီ ကြေညာခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ Faceook ကို အရေးယူရေး မယူရေးဆိုတာထက် အမုန်း စကားပြန့်ပွားအောင် လုပ်ခဲ့သူတွေကို အရေးယူရေးဟာ အချိန်သိပ်နောက်ကျနေပြီလို့တောင် ပြောနိုင်တဲ့ အကြောင်း အခုလို ပြောဆိုပါတယ်။

“facebook က platform တခုဖြစ်တဲ့အခါကျတော့ ဒီ platform ကိုသုံးပြီးတော့မှ ရာဇဝတ်ပြစ်မှု ဖြစ်စေ၊ ဘာဖြစ် စေ လုပ်တယ်ဆိုတဲ့ဥစ္စာကို သူ့ကို တာဝန်ရှိတယ်၊ အရေးယူသင့်တယ်- အဲဒီဟာ ကျတော့ ကျနော် သိပ်မကျွမ်း ကျင်တော့ မပြောနိုင်ဘူး။ ဒါပေမယ့် ကျနော် ပြောနိုင်တာတခုကတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေက အရှေ့ပိုင်းမှာကတည်းက အများကြီး ဖြစ်ခဲ့တယ်၊ အဲဒီ ဖြစ်ခဲ့တဲ့ဆီမှာ facebook ကို သုံးပြီးတော့မှ လုပ်တာတွေ ရှိတယ်။ အဲဒါ ဘာတွေ ရှိသလဲဆိုတော့ အမုန်းတရားဖြန့်ဖြူးတဲ့အဆင့်လောက် ရှိတယ်။ နောက်တခုကျတော့ အမုန်းတရား ဖြန့်ဖြူးတာကနေပြီးတော့မှ လှုံ့ဆော်တာတွေရှိတယ်၊ နောက်ဆုံး တခုကတော့ အဲဒါတော့ အဆိုးဆုံး ပေါ့။ တကယ့်ကိုပဲ သတ်လိုက်ကြဟေ့- သွားပြီးတော့မှ လုပ်ကြပါ- ဘာညာ… အကြမ်း ဖက်ပါ- ဆိုပြီးတော့မှ လှုံ့ဆော်တာတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်သိသလောက်က အဲဒီ အချိန်၊ အဲဒီကာလကတည်းကစပြီးတော့ facebook မှာ အဲဒီလိုလုပ်တဲ့ ဟာတွေကို မြန်မာနိုင်ငံ ထဲမှာဆိုရင် နာမည်တွေနဲ့တကွပါ ကျနော်တို့ ထောက်ပြတယ်၊ ဘယ်သူ၊ ဘယ်သူ…ဘယ်လိုမျိုး ရေး ထားတယ်၊ ဒါက ဥပဒေအရ အရေးယူသင့်တယ်၊ ဘာညာ.ပေါ့နော်၊ ဒါမျိုး ကျနော်တို့က ရေးသား တာတွေ လုပ်ခဲ့ပေမယ့် တယောက်မှ အရေးယူခံရတာမရှိဘူး။ ကျနော် နားလည်တာကတော့ ဒါတွေနဲ့ ပတ်သက်ရင် ဥပဒေပဲ မရှိသေးလို့လား၊ တကယ်တော့ ဥပဒေတွေ ဘာတွေ သေချာ ထုတ်ပြန်ပြီးရင်တော့ အရေးယူသင့်တယ်လို့တော့ ကျနော် ထင်တာပဲ။”

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်ကလည်း သူ့ရဲ့ သဘောထားအမြင်ကို အခုလို ပြောပါတယ်။

“ဒီ platform ပိုင်ရှင်က သူတို့မှာ ဒီ Platform ပေါ်မှာရှိတဲ့ content တွေအတွက် စံချိန်စံညွှန်းတွေ သတ် မှတ်ချက်တွေကို စောစောကတည်းက ရှိသင့်တယ်။ နောက်ပိုင်း ဝေဖန်ထောက်ပြလာတဲ့ အခါကျမှ အဲဒီ စံချိန် စံညွှန်းတွေနဲ့ ထုတ်ပြန်တာတို့၊ ဒီနိုင်ငံမှာ သိအောင်လုပ်တာတို့ အဲဒါမျိုးတွေက နောက်ကျတာတော့ အမှန်ပဲ။ တကယ်တန်းကျတော့ ၂၀၁၂ နောက်ပိုင်းကတည်းက ၂၀၁၂ ကစပြီး facebook platform ကို သုံးပြီးတော့ အမုန်းတရားတွေရော၊ ဒိထက်ပိုပြင်းထန်တဲ့ dangerous speech တွေကို ဒီ platform ပေါ် ဖြန့်တဲ့ အခါကျတော့ facebook မှာ တာဝန်ရှိတာတော့ အမှန်ပဲ။”

စက်တင်ဘာလ ပထမပတ်အတွင်းအမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ ဖေ့စ်ဘုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အကြီးအကဲ Sherly Sandberg က အကြမ်းဖက်မှုတွေကို အားပေး လှုံ့ဆော်နေတဲ့ အကောင့် တွေကို ဖေ့စ်ဘုတ်က စစ်ဆေးဖေါ်ထုတ်နေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိုမို ဆောင်ရွက်နိုင်အောင် လုပ် ဆောင်နေ ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကတော့ လက်ရှိဆောင်ရွက်နေတာတွေအပေါ်မှာထက် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အမုန်းစကားတွေ ဖြန့်ဝေခွင့်ပြုခဲ့တဲ့အပေါ် Faceook မှာ တာဝန်ရှိတယ်ဆိုပြီး ပြောဆိုသွားတာ ဖြစ်ကြောင်းပါ ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG