သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ရုပ်သံအဖွဲ့ကို လူကုန်ကူးသူတွေအဖြစ် နားလည်မှုလွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေတိုက်ခိုက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များ ထွက်ပြေးလာကြတဲ့ နှစ်ပတ်လည်အခန်းအနားကို စောင့်ကြည့်နေကြစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များ ထွက်ပြေးလာကြတဲ့ နှစ်ပတ်လည်အခန်းအနားကို စောင့်ကြည့်နေကြစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)

ရိုဟင်ဂျာတွေကို လူကုန်ကူးမယ့်သူတွေလို့ သံသယဖြစ်ပြီး ဂျာမန်ရုပ်သံမှတ်တမ်း ရိုက် ကူးရေး အဖွဲ့နဲ့ ဘင်္ဂလားဘာသာပြန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုတုပလောင် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဝိုင်းရိုက်လွှတ်လိုက်တဲ့ကိစ္စဟာ အထင်အမြင် လွဲမှားမှုသာ ဖြစ်တဲ့ အကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ပြောပါတယ်။ မြန်မာပြည်ပြန်နိုင်ရေး မရေမရာဖြစ်လာနေချိန် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းတွေ ကနေ လူကုန်ကူးသူတွေကတဆင့် မလေးရှားနိုင်ငံလို တခြားနိုင်ငံတွေကို မိသားစုလိုက် တရား မဝင် ထွက်ပြေးနေကြတဲ့သူတွေ များလာ နေတဲ့ အတွက် ဒုက္ခသည်စခန်းတွင်း လုံခြုံရေး ကိုလည်း ပိုတိုးမြင့်ချထားသလို ဒုက္ခသည်တွေကိုလည်း စောင့်ကြည့်မှုတွေ များလာနေ တယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာပြည်ကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဒုက္ခသည် စခန်းတွေထဲက အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ ကုတုပလောင်ဒုက္ခသည်စခန်းတွင်းမှာ မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကြာသပတေး နေ့က ဂျာမန်ရုပ်သံမှတ်တမ်းရိုက်ကူးရေးအဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ က လူကုန်ကူးသူတွေလို့အထင်မှားပြီး သူတို့နဲ့ သူတို့ကားကို လူအုပ်နဲ့ တိုက်ခိုက်ခဲ့ တယ် လို့ AFP သတင်းမှာဖော်ပြပါတယ်။

သူတို့အင်တာဗျူးမေးမြန်းတဲ့ ရိုဟင်ဂျာမိသားစုဝင်တွေထဲက ကလေးငယ်တွေနဲ့ အမျိုး သမီးတွေကို အဝတ်အစားနဲ့ အစားအသောက် အသုံး အဆောင် လက်ဆောင်ပေးတဲ့ ဒီဂျာမန်ရုပ်သံအဖွဲ့နဲ့ ဘင်္ဂလားဘာသာပြန်ကို လူကုန်ကူးသူတွေလို့ထင်ပြီး ဝိုင်းရိုက်ခဲ့ကြ တာလို့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်း ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအီစလံက ပြောပြပါတယ်။

“မနေ့က ကုတုပလောင်မှာပါ။ ဂျာမနီနိုင်ငံက ဂျာနယ်လစ်စ် အဖွဲ့တဖွဲ့က ဒုက္ခသည် စခန်း မှာ အိမ်တအိမ်မှာဝင်ရောက် အင်တာဗျူးလုပ်ပြီးတော့ အဲဒီမိသားစုကို သူတို့က …သက် ညှာပြီးတော့ သူတို့က မိသားစုကို အဝတ်အစားနဲ့ မုန့်တွေဝယ်ပေးဖို့ ဆိုပြီးတော့ ဈေးကို သူတို့နဲ့အတူ ကားနဲ့ခေါ်လာတယ်။ အဲဒိမှာ လူတချို့က နားမလည်ဘဲနဲ့၊ မသိဘဲနဲ့- နောက် ဒုက္ခသည်စခန်းမှာဆိုရင် အရင် ခဏ ခဏ လူတွေ ပျောက်ဆုံးတာ ရှိတယ်။ ကလေးတွေကို ပြန်ပေးဆွဲတာရှိတယ်။ အဲလို အထင်လွဲမှားပြီးတော့ အဲဒီအဖွဲ့တွေကို သူတို့က တိုက်ခိုက်တာ။ နောက် အဲဒီလို အယူအဆမှားယွင်းပြီးတော့ တိုက်ခိုက်တဲ့ အပေါ်မှာ ကျနော်တို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ရှုတ်ချတယ်။ နောက်နောင် အဲဒီလို မဖြစ်အောင် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးတော့ လူတွေကို အသိပေးဖို့အတွက် ကျနော်တို့က လုပ်ဆောင်နေတာ ရှိပါတယ်ခင်ဗျ။”

ဂျာမန်ရုပ်သံအဖွဲ့က သုံးဦးနဲ့ ဘင်္ဂလားဘာသာပြန် တို့စီးနင်းလာတဲ့ ကားကိုလည်း ဝိုင်းဖျက်ဆီးခဲ့ပြီး ဝိုင်းရိုက်နေချိန်မှာတော့ စခန်းလုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဘက်က ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။ သတင်းမှတ်တမ်းတိုလေးတခု ရိုက်ဖို့ လာခဲ့တဲ့ ဂျာမန် သတင်းသမားတွေကတော့ အရေးပေါ်ဆေးဝါးကုသမှုခံရပေမဲ့ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ နားလည်မှု လွဲမှားတဲ့ အဖြစ်သာဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကော့ဇ်ဘဇားက ဒေသခံရဲအရာရှိ Abul Khair ကလည်း AFP ကိုပြောပါတယ်။

အခုလို ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း သတင်းမှတ်တမ်းလာရောက်ရိုက်ကူးတဲ့ ဂျာမန်အဖွဲ့ကို ဒုက္ခသည်တွေဘက်က အထင်မြင် လွဲမှားပြီး ဝိုင်းရိုက်လိုက်တဲ့ကိစ္စအပေါ်မှာတော့ ဒုက္ခသည်တွေဘက်က များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ ဒီအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံကပြောပါတယ်။

“အဲဒီလို မှားယွင်းဖြစ်တာပေါ်မှာ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ အဲဒါ ရှုတ်ချတယ်။ နောက်နောင်ကို အဲဒီလို မဖြစ်အောင် ဒုက္ခသည် စခန်းပေါင်း ၃၀ ရှိတယ်။ အဲဒီ စခန်းပေါင်း ၃၀ က ရိုဟင်ဂျာဒုက္ခသည်တွေကို ကျနော်တို့ ဒုက္ခသည်ကိုယ်စားလှယ်တွေက အသိပေးဖို့အတွက် ကျနော်တို့ လုပ်ဆောင်နေတာရှိပါတယ်။ နောက် ဒီလိုဖြစ်စဉ် ဖြစ်တဲ့အပေါ်မှာလည်း ကျနော်တို့က စိတ်မကောင်းပါဘူး။”

ဒုက္ခသည်တွေဟာ သူတို့နေရပ်ရင်းကိုပြန်ဖို့ကလည်း မရေမရာဖြစ်နေသေးတာကြောင့် ဒုက္ခသည်စခန်းတွေကနေတဆင့် သူတို့ရဲ့ ဘဝ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လူကုန်ကူးသူတွေကတဆင့် ထွက်ပြေးသွားကြတဲ့ဖြစ်ရပ်တွေကလည်း မကြာခဏ ဆို သလို ဖြစ်ပျက်နေတာဖြစ်ပါတယ်။ ဒီလိုလူကုန်ကူးမှုတွေရှိတဲ့အတွက် ဒုက္ခသည် စခန်းတွင်းမှာလည်း လုံခြုံရေးတိုးမြှင့်ချထားသလို ဒုက္ခသည် အချင်းချင်းကြားမှာလည်း သတိအနေအထားနဲ့စောင့်ကြည့်မှုတွေရှိနေတယ်လို့ ဦးအီစလံကပြောပြပါတယ်။

“ကမ္ဘာမှာကတော့ ဒုက္ခသည်…..တခြားနိုင်ငံတွေကို ထွက်ခွါနေတာဟာကျနော်တို့ မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်ကို ….အတွက်ကြောင့် သူတို့က အဲလို စိတ်ပျက်လက်ပျက်နဲ့ တခြားနိုင်ငံကို ထွက်ခွါဖို့ လုပ်နေတာပါ။ ကျနော်တို့ ဒုက္ခသည်တွေကို အမြဲတမ်း အသိပေးတာ ရှိတယ်။ ဒီလို လူကုန်ကူးမှု မခံရအောင် လူကုန်ကူးမှု ပွဲစားတွေနဲ့ သူတို့က အဆက်အသွယ်မလုပ်အောင်၊ နောက် ဒီလို မဖြစ်အောင် ကျနော်တို့ ကာကွယ် စောင့်ရှောက်နေတာရှိပါတယ်ခင်ဗျ။”

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း စစ်တပ်နဲ့ ရဲလုံခြုံရေး တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြား အသက်ဘေး လွတ်ရာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ အခုဆိုရင် သိန်းချီရှိနေပြီဖြစ်ပါတယ်။အခုလို မူဆလင်သိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်နေရဆဲ အခြေအနေမှာ လတ်တလောရခိုင်ပြည်နယ်ထဲ မှာတော့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လို့ ထောင်ချီတဲ့ရခိုင်မျိုးနွယ်စုဒေသခံတွေပါ ဘေးလွတ်ရာကိုပြေးနေရတဲ့ အနေအထားဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG