သုံးရလွယ်ကူစေသည့် Link များ

သမ္မတဟောင်း ကာတာ မြန်မာ့ရွေးကောက်ပွဲ လေ့လာရေး အစီအစဉ် ဖျက်


အမေရိကန်သမ္မတဟောင်း Jimmy Carter ၊ ၂၀၁၃ စက်တင်ဘာလ ရန်ကုန်မြို့တွင် ရောက်ရှိစဉ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူအဖြစ် သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ကျန်းမာရေး အခြေအနေကြောင့် ခရီးစဉ်ကို ဖျက်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ကိုယ်စား မြေးဖြစ်သူ မြန်မာနိုင်ငံကို သွားမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်းက မကြာသေးခင်ကပဲ AP သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

နိုဝင်ဘာ ဒုတိယပတ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မြန်မာပြည် ကို မြေးဖြစ်သူ Jason သွားမှာဖြစ်ပြီး၊ မူလတုန်းက သူသွားဖို့ စီစဉ်ထားပေမဲ့ တချို့ကိစ္စတွေမှာ ၀င်မပါတော့တာတွေ ရှိနေတဲ့အကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သမျှ အချိန်အလဟသ မဖြစ်အောင်နေထိုင်ပြီး ကျန်းမာရေး လည်း ကောင်းနေပါတယ်လို့ သမ္မတဟောင်း ကာတာက ပြောဆိုခဲ့တာပါ။

သမ္မတဟောင်း ကာတာဟာ အသည်းခွဲစိတ်ကုသမှုလုပ်ခဲ့ရာကနေ သူ့မှာ ကင်ဆာရောဂါဖြစ်နေပြီဆိုတာကို ပြီးခဲ့တဲ့ သြဂုတ်လက တွေ့ရှိခဲ့ပြီး၊ အဲဒီနောက် စမ်းသပ်မှုတွေအရ ကင်ဆာဆဲလ်တွေဟာ ဦးနှောက်ကို ပျံနှံ့နေခဲ့တယ်ဆိုတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

ကင်ဆာရောဂါအတွက် ဆေးကုသမှု ၄ ကြိမ် ခံယူပြီးတဲ့နောက် ကင်ဆာ ဆဲလ်တွေကို တိုက်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းစေ တဲ့ ဆေးတွေကို ဆက်ပြီးတော့ အသုံးပြုနေရတယ်လို့ မစ္စတာ ကာတာ က ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ-တည်ထောင်ခဲ့တဲ့ ကာတာစင်တာဟာ - ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး ဒီမိုကရေစီရေး နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး၊မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်းကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG