သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုတိယသမ္မတ အာရှခရီး စတင်


အမေရိကန် ဒုတိယသမ္မတ အာရှခရီး စတင်
အမေရိကန် ဒုတိယသမ္မတ အာရှခရီး စတင်

အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ တရုတ်ပြည်ကို မနေ့တုန်းက ခရီးထွက်ခွာသွားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး အခြေအနေအကြောင်း အာမခံချက် ပေးဖို့နဲ့ နောင်လာမယ့် မျိုးဆက်သစ် တရုတ်ခေါင်းဆောင်တွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ဖို့ ကိစ္စတွေကို သူလုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒု-သမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ် ဒု-သမ္မတ စီဂျင်းပင် (Xi Jinping) နဲ့လည်း အချိန်ယူပြီး တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မစ္စတာ စီဂျင်းပင်ဟာ လာမယ့် ၂၀၁၃ ခုနှစ်ကျရင် လက်ရှိသမ္မတ ဟူဂျင်တောင်း (Hu Jintao) ရဲ့ နေရာကို ဆက်ခံမယ့်သဘော ရှိနေတယ်ဆိုပြီး နာမည်ထွက်နေသူ ဖြစ်ပါတယ်။

အခုခရီးစဉ်မှာ တရုတ်ဘက်ကတော့ အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချနေတဲ့ ကိစ္စကို ဆန့်ကျင်တဲ့ကိစ္စ ပြောဆိုလာနိုင်ဖွယ်ရှိပြီး တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်ကိစ္စ တရုတ်နဲ့ အငြင်းပွားနေတဲ့ နေရာမှာ အမေရိကန်က ဝင်ပြီး မပါဖို့လည်း တိုက်တွန်းမယ့်သဘော ရှိနေပါတယ်။

အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အခုခရီးစဉ် မတိုင်ခင် တရက်မှာပဲ တရုတ်ယွမ်ငွေ တန်ဖိုးဟာ အမေရိကန်ဒေါ်လာကို ခပ်မြန်မြန် ကျော်တက်နိုင်အောင် လုပ်ဖို့ အချိန်ကျပြီဆိုပြီး ရေးသားထားတဲ့ အယ်ဒီတာ့အာဘော် ဆောင်းပါးတခုကို တရုတ်အစိုးရပိုင် China Securities Journal မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အခုခရီးစဉ်မှာ မွန်ဂိုလီးယား နိုင်ငံကိုလည်း သွားရောက်ဖို့ ရှိပါတယ်။ အဲဒီမှာတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင် လုပ်ဆောင်ရေး ပြောဆိုသွားဖို့ ရှိပါတယ်။

မစ္စတာ ဂျိုးဘိုင်ဒန်ဟာ ဂျပန်နိုင်ငံကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ကြုံတွေ့ရတဲ့ ဂျပန်နိုင်ငံက ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ် ခံခဲ့ရတဲ့ နေရာတွေဆီ သူသွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG