အထက်လွှတ်တော်ကိုရော အောက်လွှတ်တော်ကိုပါ Republican လွှတ်တော်အမတ်တွေက အများစု ထိန်းချုပ်ခွင့်ရသွားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လွှတ်တော်အသစ်ကို အင်္ဂါနေ့မှာ စတင် ဖွင့်လှစ်လိုက်ပါပြီ။ ရှေးရိုးစွဲဝါဒရှိသူတွေက သမ္မတ အိုဘားမားရဲ့ မူဝါဒတချို့ကို ပြောင်းပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း Republican အထက်လွှတ်တော်အမတ်တွေဟာ လွှတ်တော် စဖွင့်ဖွင့်ခြင်းမှာပဲ Keystone ရေနံပိုက်လိုင်းကိစ္စကို ခွင့်ပြုပေးဖို့ ဥပဒေမူကြမ်းကို တင်သွင်းလိုက်ပါတယ်။ ဒီလုပ်ရပ်အပေါ် ထောက်ခံသူတွေက ဒီပိုက်လိုင်းအစီအစဉ်ဟာ အလုပ်နေရာတွေ အများကြီး ဖန်တီးပေးနိုင်မှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြားနိုင်ငံတွေကနေ စွမ်းအင်အပေါ် မှီခို အားထားနေစရာ မလိုတော့ဘူးလို့ ပြောဆိုကြပါတယ်။
အတိုက်အခံ Democrat ပါတီဝင်တွေကတော့ ဒါဟာ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကပ်ဘေးဆိုးကြီး ကျလာနိုင်တဲ့ အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။ သမ္မတ အိမ်ဖြူတော်ကလည်း ချက်ခြင်းဆိုသလို ဒီကိစ္စကို ဗီတိုအာဏာအသုံးပြုပြီးတော့ ပယ်ချရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဥပဒေပြု လွှတ်တော်အမတ်တွေက Mr. John Boehner ကို အောက်လွှတ်တော် သဘာပတိအဖြစ် ပြန်လည် မဲပေးတင်မြှောက်လိုက်ပါတယ်။ Mr. John Boehner ကို သူ့ရဲ့ Republican ပါတီဝင် ရှေးရိုးစွဲ အယူရှိသူ အမတ် ၂၅ ဦး က ဆန့်ကျင်ခဲ့ကြပါတယ်။
မဲပေးသူ အမတ် ၄၀၈ ဦး ထဲက ၂၁၆ ဦးက Mr. Boehner ကို ထောက်ခံမဲပေးခဲ့ကြပြီး၊ ယှဉ်ပြိုင်ဘက် ယခင် အောက်လွှတ်တော် သဘာပတိဟောင်း ဖြစ်ခဲ့သူ Democrat ပါတီအမတ် Nancy Pelosi ကို အနိုင်ရရှိသွားခဲ့တာပါ။ Nancy Pelosi က မဲစုစုပေါင်း ၁၆၄ မဲ ရရှိခဲ့ပါတယ်။
အထက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူကတော့ မြန်မာ့အရေး စိတ်ပါဝင်စားသူ Republican အမတ် Mitch McConnell ဖြစ်ပါတယ်။