သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု


ဟီလာရီကလင်တန်နေရာမှာ အသစ်ခန့်အပ်ခံရသူ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် John Kerry (ဇန်နဝါရီလ ၂၉၊ ၂၀၁၃။)
ဟီလာရီကလင်တန်နေရာမှာ အသစ်ခန့်အပ်ခံရသူ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် John Kerry (ဇန်နဝါရီလ ၂၉၊ ၂၀၁၃။)
အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အထက်လွှတ်တော်ကနေ မဲခွဲ အတည်ပြုပေးလိုက်ပါပြီ။ အထက်လွှတ်တော် အမတ် John Kerry နိုင်ငံခြားရေးဝန်ကြီးဖြစ်လာရင် မြန်မာနိုင်ငံရေးအပေါ် အမေရိကန်မူဝါဒ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။ ကိုသားညွန့်ဦး စုံစမ်းမေးမြန်းထားပါတယ်။

သမ္မတအိုဘားမားကနေ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ အထက် လွှတ်တော်အမတ် John Kerry ကို မနေ့က အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေးကော်မတီကနေ အတည်ပြုပေးလိုက်ပါတယ်။ ဒီနောက် အထက်လွှတ်တော် တရပ်လုံးကလည်း မဲခွဲ အတည်ပြု ပေးပါတယ်။ မစ္စတာ ကယ်ရီဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်အတန်ကြာ တာဝန်ယူခဲ့တဲ့ မစ္စတာကယ်ရီဟာ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံခြား ဆက်ဆံရေး နဲ့ နိုင်ငံခြားရေးဆိုင်ရာမူဝါဒတွေ ချမှတ်ရာမှာ အတွေ့အကြုံရှိပြီးသားလို့ သတ်မှတ်နိုင် ပါတယ်။ မစ္စတာကယ်ရီဟာ အရှေ့တောင်အာရှ ရေးရာကိစ္စရပ်တွေမှာလည်း အထူး စိတ်ဝင်စားသူလို့ လူသိများပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဟိုအရင် ကတည်းက အထက်လွှတ်တော် ဆုံးဖြတ်ချက်မူဝါဒတွေကို ဦးဆောင် ပြင်ဆင်ရေးဆွဲခဲ့ သူဖြစ်တာကြောင့် သူ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာဟာ မြန်မာပြည်အတွက် ကောင်း မွန်တယ်လို့ ယူဆတဲ့အကြောင်း အရင် မြန်မာနိုင်ငံ အမေရိကန်သံရုံး ယာယီ တာဝန်ခံ ဆောင်ရွက်ခဲ့သူ Pracila Clapp က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာပြည်အတွက် ကောင်းမယ်လို့ ထင်ပါတယ်။ သူဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နှစ် အတော်ကြာ ကတည်းက အတော်လေး စိတ်ဝင်စားမှုရှိခဲ့သူပါ။ မြန်မာပြည်မှာ ကျမ သံရုံးတာဝန်ခံလုပ်စဉ်က အထက် လွှတ်တော် အမတ်အဖြစ်နဲ့ သူ လာရောက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတည်းက သူ့မူဝါဒက အတူတူပါပဲ။ အမေရိကန်အထက် လွှတ်တော် မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်မှုတွေမှာ သူဟာ အဓိက ပါဝင် ပတ်သက်သူတဦး ဖြစ်ပါတယ်။”

အထူးသဖြင့်တော့ မစ္စတာကယ်ရီဟာ ထိစပ်ဆက်ဆံရေး မူဝါဒတွေကို ပုံဖော်သူ လိုလားသူအဖြစ် အများသိကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးပိုင်း လက်ရှိ အနေအထားအရ မစ္စတာကယ်ရီရဲ့ ရပ်တည်မှုနဲ့ ကိုက်ညီတယ်လို့ တွက်ဆကြပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံဟာ အမေရိကန်အတွက် အရှေ့တောင် အာရှဒေသရဲ့ ဦးစားပေး နိုင်ငံတနိုင်ငံဖြစ်လာတာကြောင့်၊ သူ နိုင်ငံခြားရေးဝန်ကြီးဖြစ်လို့ သိပ်မကြာခင်ကို မြန်မာနိုင်ငံကို သွားနိုင်ဖွယ်ရှိတယ်လို့ Clapp က တွက်ဆပါတယ်။

“မြန်မာနိုင်ငံကို သိပ်မကြာခင်တော့ သူ သွားလိမ့်မယ်ထင်တယ်။ မြန်မာပြည်ဟာ အမေရိကန် ပြည်ထောင်စုက ဘေးဖယ်ထားတဲ့ နိုင်ငံမဟုတ်တော့ပါဘူး။ အသွင် ကူးပြောင်းရေး လုပ်နေတဲ့အချိန်မှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက အတော်များများ ရှိနေပါပြီ။ ဒီအသွင်ကူးပြောင်းရေးလုပ်ငန်းကြီး အောင်မြင်ဖို့ကိစ္စဟာ အမေရိကန် အတွက်လည်း အတော်လေး အရေးပါနေပါပြီ။”

၁၉၉၀ ခုနှစ်ဝန်းကျင်တုန်းက ဗီယက်နမ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဆက်ဆံရေး ပြန် လည် နွေးထွေးလာအောင် လုပ်တဲ့အထဲမှာ အထက်လွှတ်တော်ထဲမှာ အထက်လွှတ်တော်အမတ် ကယ်ရီနဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းတို့က အဓိက ကျတယ်လို့ Clapp က ပြောပါတယ်။ မစ္စတာ ကယ်ရီဟာ အထက်လွတ်တော်အမတ် ၂၈ နှစ်ကြာခဲ့ပြီး နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ တာဝန်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လေးအတွင်းမှာ အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ်နဲ့ သမ္မတရဲ့အဆို ကို အထက်လွှတ်တော်တရပ်လုံးကပဲ မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုလိုက်တာပါ။ မစ္စတာကယ်ရီဟာ နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်ဖို့ မကြာခင်မှာ အထက်လွှတ်တော်အမတ်နေရာ ကနေပြီးတော့ နုတ် ထွက်ရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG