သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ နောက်ပြန်လှည့်မှု ဝန်ကြီး Kerry သတိပေးဖို့ HRW တိုက်တွန်း


ARF အာဆီယံဒေသတွင်း အစည်းအဝေးတက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာအစိုးရကို မြန်မာ့နိုင်ငံရေးအတွက် ဖိအားပေးပြောဆိုမှုလုပ်ဖို့ဆိုပြီး တိုက်တွန်းမှုတွေ အတော်များများရှိနေပါတယ်။ ဒီအထဲမှာ HRW နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ အောင်မြင်မှုရလဒ်သာဓကသဘော အမေရိကန်အစိုးရဖက်က ပြောပြောနေတဲ့အပေါ် ကန့်ကွက်ဝေဖန်ပြီး မြန်မာအပေါ် အမေရိကန်အစိုးရအနေနဲ့ ဖိအားတွေ ဆက်ပေးသွားဖို့ လိုမယ်လို့ HRW က ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး အကြောင်းစုံတင်ဆက်ပေးမှာပါ။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီအနေနဲ့ မြန်မာနိုင်ငံ နိုင်ငံရေး နောက်လှည့်လာတဲ့ အခြေအနေ အပေါ်မှာ မြန်မာအစိုးရကို ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ ဘာသာရေးအဖွဲ့တွေ လွှတ်တော်အမတ်တွေက မစ္စတာကယ်ရီ အခု မြန်မာနိုင်ငံမသွားခင်မှာ တွန်းအားပေးနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ နောက်ပြန်လှည့်နေပြီလို့ HRW အာရှဌာန အမှုဆောင်ညွန်ကြားရေးမှုး Brad Adams က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ထပ်ဖြစ်မလာတော့ပဲ ရပ်တန့်သွားပါပြီ။ အခြေအနေ အတော်များများမှာ ပိုဆိုးလာပါတယ်။ အမေရိကန်ပြည်ထောင်စုရော အခြားအလှုရှင်တွေပါ ဒီကိစ္စကို အတော်လေး နှုတ်ဆိတ်နေကြပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နှေးကွေးသွားတယ်ဆိုပြီးတော့ပဲ ဟန်ဆောင်ဖို့ ကြိုးစားနေကြတယ်။”

မြန်မာနိုင်ငံတွင်း ၂၀၁၁ ခုနှစ် သမတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း နှစ်နှစ်လောက် အထိ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့်လည်း၊ နောက်တကြိမ် ၂၀၁၅ ရွေးကောက်ပွဲလုပ်ဖို့ တနှစ်တာလိုတော့တဲ့ အခုအချိန်မှာတော့ အပြောင်းအလဲတွေ ရပ်တန့်သလိုဖြစ်လာတယ် လို့ မြန်မာ့အရေးလေ့လာသူအချို့က သုံးသပ်သလိုပဲ HRW က ဒီလို ရှုမြင်ပါတယ်။ အရင် ပြောင်းလဲမှုလုပ်ငန်းတွေမှာလည်း တပိုင်းတစနဲ့ မအောင်မမြင်ရှိနေတယ်လို့ HRW က Brad Adams က ပြောပါတယ်။

“နိုင်ငံရေးမျက်နှာစာမှာကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမတဖြစ်လာနိုင်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စစ်တပ်က ငြင်းဆန်နေတယ်။ အရေးအကြီးဆုံးက လက်ရှိ ဖွဲ့စည်းပုံ အရ လွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းထိန်းချုပ်ထားသလို၊ အစိုးရလုပ်ရပ်တွေမှာ စစ်တပ်ကမကြိုက်ရင် ဗီတိုသုံးပယ်ချနိုင်တဲ့ အခြေအနေရှိနေတာပါ။

ဒါဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မဟုတ်ပါဘူး၊ စစ်တပ်တပိုင်းအုပ်ချုပ်တဲ့ စနစ်ပါ။ ဆန္ဒပြနိုင်ခွင့်အတွက် ဥပဒေအရ ဖြေလျှော့လိုက်ပေမယ့်၊ မြေယာသိမ်းတဲ့အပေါ် ကန့်ကွက်သူတွေ အဂတိလိုက်စားမှုကို ကန့်ကွက်သူတွေ စတဲ့ ဆန္ဒပြသူတွေကို အခြားရာဇဝတ်မှုတွေနဲ့ ဖမ်းတာဆီးတာတွေ အတော်များများရှိပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေအပေါ် နှိပ်ကွပ်မှုတွေကလည်း မရပ်သေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက မီးလောင်တိုက်သွင်းခံရတဲ့ ကျေးရွာသားတွေဟာ၊ ဆိုးဆိုးဝါးဝါးအခြေအနေရှိတဲ ဒုက္ခသည်စခန်းတွေမှာ နေနေရတုန်းပါ။ လူသားချင်းစာနာကူညီမှုအဖွဲ့တွေကတော့ သူတို့ကြုံသမျှတွေထဲ အဆိုးဝါးဆုံး ဒုက္ခသည်စခန်းတွေလို ပြောကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာလည်း တကယ့်ကို နောက်ဆုံးရလဒ်ထွက်မလာသေးပါဘူး။ စစ်တပ်ဖက်က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ပိုင်းဖြတ်မှုမရှိတာကြောင့်ပါ။”

အမေရိကန်ပြည်ထောင်စုမှာ သမတအိုဘားမား တက်လာပြီးတဲ့နောက် Asia Pivot မူဝါဒ အာရှကို အလေးပေးတဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲ ကျင့်သုံးခဲ့ပြီး ဒီ မူဝါဒ ရလဒ် အဖြစ် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရတာဝန်ရှိသူ အချို့က ထောက်ပြလေ့ ရှိပါတယ်။ HRW ကတော့ ဒါကို လက်မခံပါဘူး။

တကယ်တမ်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအောင်မြင်ဖို့ဆိုရင် အရင်တုန်းကရှိခဲ့တဲ့ ဖိအားမျိုးတွေ ဆက်ကျင့်သုံးဖို့ Brad Adams က တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံဟာ တကယ့်ကို ရလဒ်ကောင်းတရပ်လိုမျိုး ဥပမာပြဖို့ မစ္စတာကယ်ရီအနေနဲ့ မကြိုးစားသင့်ပါဘူး။ အိုဘားမားအစိုးရထဲက အတော်များများက မြန်မာနိုင်ငံဟာ အစိုးရမူဝါဒရဲ့ ရလဒ်ကောင်းတခုလိုမျိုး ဟန်ဆောင်ပြသဖို့ ကြိုးစားနေကြပါတယ်။ တကယ့်က မပြီးပြတ်သေးတဲ့ ဇာတ်လမ်းပါ။

တကယ့်ကို အောင်မြင်မှုရလဒ်ကောင်းဖြစ်လာဖို့ဆိုရင်တော့ အကောင်းဆုံးက မြန်မာ အစိုးရအနေနဲ့ သူတို့ကတိအတိုင်းပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ဖိအားပေးရမှာပါ။ အခုအချိန်အထိ မြန်မာအစိုးရဖက်က သူတို့ကတိအတိုင်း ပြီးပြတ်အောင် မလုပ်သေးပါဘူး။”

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ပြီးတော့ လက်ရှိ ရှိထားတဲ့ ဖိအားပေးစနစ်နဲ့ ဒဏ်ခတ်မှုတွေကို ကျင့်သုံး ဆောင်ရွက် ဖို့ အောက်လွှတ်တော် အမတ် ၇၀ ကျော်ကလည်း မစ္စတာကယ်ရီထံကို ပြီးခဲ့တဲ့သီတင်းပတ်က စာရေးသားခဲ့ကြ ပါတယ်။ အထူးသဖြင့်တော့ ပြုပြင် ပြောင်း လဲရေးမှာ အဟန့်အတားရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့ပါ။ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russles ကလည်း အခုလာမယ့် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အလားအလာအခြေအနေတွေကို စူးစမ်းသုံးသပ်သွားဖို့ ရှိတယ်လို့ အခု လဆန်းပိုင်းက ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတာမို့ အာဆီယံဒေသအစည်းအဝေးတွေကို လက်ခံ ကျင်းပနေရတာကြောင့် အရှေ့အာရှဒေသဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲကိုလည်း လာမယ့်နိုဝင်ဘာမှာ လက်ခံကျင်းပဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးကိုတော့ သမ္မတ အိုဘားမားလည်း တက်ရောက်ဖို့ ရှိနေတာပါ။

XS
SM
MD
LG