သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ John McCain ချီးကျူး


မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲဟာ ကြားသိရသလောက် လွတ်လပ်ပြီး ပွင့်လင်း မြင်သာမှုရှိတဲ့အပြင် ငြိမ်းချမ်းစွာ ပြီးစီးသွားတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ချီးကျူး ဂုဏ်ပြုကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် John McCain က တနင်္လာနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်ရော ကမ္ဘာတဝှမ်း ပွင့်လင်းတဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ဂုဏ်ယူစရာ နေ့တနေ့ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

သူ့အနေနဲ့ မိတ်ဆွေလည်းဖြစ်၊ တမူထူးခြားတဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အပေါ် ချီးကျူး ဂုဏ်ပြုလိုကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ မဲတွေကို ရေတွက်ဆဲ ဖြစ်ပေမယ့်လည်း NLD ပါတီအနေနဲ့ အများစုကို အနိုင်ရမယ်ဆိုတာ သိသာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

ဘယ်လို ရလဒ်မျိုးပဲ ထွက်လာပါစေ၊ လက်ရှိအာဏာရ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး သူတို့ ရွေးကောက်ပွဲမှာ အများစု အနိုင်မရခဲ့ရင်တောင် ငြိမ်းချမ်းစွာ အာဏာလွဲပေးဖို့ သူ့အနေနဲ့ တိုက်တွန်းပါကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲဟာ စိတ်ဓါတ် တက်ကြွစရာ ဖြစ်စဉ်တခုလို့ ဆိုနိုင်ပေမယ့် ဒါဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမှုကို ရှေ့ရှုတဲ့ ခြေလှမ်းတရပ်သာ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ပါဝင်နေတဲ့အတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ စံနစ်ကို ကိုယ်စားပြုတဲ့ အခြေအနေမျိုးရောက်လာအောင် ပြင်ဆင်ရေးဆွဲဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာခေါင်းဆောင်အားလုံးကို အခုချိန်ကစပြီး စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အထူးသဖြင့် မတူညီတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သူ့အနေနဲ့ တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ ရှေ့တိုး ဖွံ့ဖြိုးမှုအတွက် အနာဂတ်မှာ လက်တွဲ လုပ်ဆောင်လိုပါကြောင်း အထက်လွှတ်တော်အမတ် John McCain ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တစိုက်မတ်မတ် ထောက်ခံ အားပေးလာတဲ့ Arizona ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် John McCain ဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာအစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်ပေးဖို့အပါအဝင် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေယူဖို့ ဦးသိန်းစိန်အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ John McCain ဟာ ၂၀၀၈ ခုနှစ်က ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ဝင်အရွေးခံဘူးသူလည်း ဖြစ်ပါတယ်။

အလားတူပဲ အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း - မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆနိုင်တဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာနဲ့ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ၊ ပြည်သားတွေကို တနင်္ဂနွေနေ့က ချီးကျူး ပြောကြားလိုက်ပါတယ်။

လက်ရှိရွေးကောက်ပွဲရဲ့အောင်မြင်မှု အတိုင်းအတာပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းပေးဖို့ စဉ်းစားဖွယ်ရာရှိတယ်လို့ သမ္မတ Barack Obama ရဲ့ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး Ben Rhodes က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG