သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် ဆက်အားပေးမည်


အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ ဇွန် ၂၊ ၂၀၁၁။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ ဇွန် ၂၊ ၂၀၁၁။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် အစဉ်အမြဲ ကူညီပံ့ပိုးသွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဝါရင့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ကြာသပတေးနေ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ မစ္စတာ မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပြင် NLD အပါအဝင် တခြား နိုင်ငံရေးပါတီတွေက အဖွဲ့ဝင်တွေ၊ လူထုကူညီရေး အခြေပြုလုပ်ငန်း လုပ်ဆောင်နေသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအစိုးသစ်ဘက်က မူဝါဒအသစ်တွေ ချပြီး ဆောင်ရွက်မယ့်သဘော ပြောနေပေမဲ့ အခုထိ ဘာမှ မထူးခြားသေးဘူးလို့ ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြန်မာအစိုးရသစ်ဘက်က ဘာမှ ထူးထူးခြားခြား လုပ်ပြတာမျိုး မတွေ့ရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ အတူရှိနေတဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ၊ အစိုးရက မူဝါဒ အသစ်တွေနဲ့ ဆောင်ရွက်မယ့် သဘောမျိုး မိန့်ခွန်းတွေ ပြောသော်လည်း အခုထိ စောင့်ကြည့်နေရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထူးခြားမှု အခုချိန်ထိ မတွေ့သေးဘူးဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။”

မစ္စတာ မက်ကိန်းနဲ့ တွေ့ပြီးတော့ စကားပြောရတာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော၊ ဦးဉာဏ်ဝင်းတို့ အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ဒီနေ့ မစ္စတာ မက်ကိန်းနဲ့ တွေ့ရတာ သူ့ဘက်ကတော့ ကျေနပ် အားရပါတယ်လို့ အဲဒီလို ပြောပါတယ်။ မစ္စတာ မက်ကိန်း အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ပင်ပင်ပန်းပန်း ဆောင်ရွက်နေကြရတာကို သူ ကောင်းကောင်း နားလည်ပါတယ်တဲ့။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သူ အမြဲတမ်း ထောက်ခံသွားမယ်ဆိုတာ ပြောပါတယ်။ နောက် Sanction နဲ့ ပတ်သက်ပြီးတော့လည်း Sanction ကို စတင် ချမှတ်စဉ်ကတည်းက ဘာကြောင့် ချရတယ်ဆိုတာ မူဝါဒတွေကို သူ ရှင်းပြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD က ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ပါ မစ္စတာ မက်ကိန်းနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး တနာရီကျော်ကျော် ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

မစ္စတာ မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့အတူ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ NLD အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေး ခရီးအတွက် လုံခြုံရေး အခြေအနေကို စိုးရိမ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက မကြာခင်မှာ နယ်ကို စည်းရုံးရေး ခရီးစဉ်တွေ သွားဖို့ စိတ်ကူးနေတဲ့အကြောင်း၊ အထွေထွေ အတွင်းရေးမှူးရဲ့ လုံခြုံရေးကို အလွန် စိုးရိမ်နေကြတဲ့အကြောင်း၊ ပြည်သူတရပ်လုံးကလည်း ရင်ထဲမှာ သောကရောက်နေတဲ့အကြောင်း ဒီကိစ္စအတွက်၊ ကျနော်တို့ဘက်ကတော့ အထွေထွေ အတွင်းရေးမှူးရဲ့ လုံခြုံရေးဟာ တည်ဆဲအစိုးရ အပေါ်မှာပဲ တာဝန်ရှိတယ်လို့ အလေးအနက် မှတ်ယူထားတဲ့အကြောင်း ပြောပါတယ်။

“အဖွဲ့ချုပ် တရားဝင် ဆက်လက်ရပ်တည် ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ပြောပါတယ်။ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက် တရားဝင် ထပ်မံပြီးတော့ မှတ်ပုံတင်တာ မလုပ်ခဲ့ပေမဲ့ မှတ်ပုံတင်ထားဆဲ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီးတော့ စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ ပြည်သူတရပ်လုံးကလည်း တညီတညွတ်တည်း ဆက်လက်ပြီး ထောက်ခံနေကြတယ်။ အဲတော့ ပြည်တွင်းမှာ တရားဝင် ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားဥပဒေ လမ်းကြောင်းအရ နောက်ဆုံးအဆင့်အထိ ကြိုးပမ်းခဲ့ပြီးဖြစ်တယ်။ အဲဒီက လွန်သွားတဲ့အတွက်ကြောင့် ဘာမှမဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြဖို့လည်း စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။”

နေ့လယ် ၁၂ နာရီကနေ ၁ နာရီခွဲအတွင်း တိုင်းရင်းသား ရခိုင်၊ ချင်း၊ ကချင်နဲ့ ရိုဟင်ဂျာ အဖွဲ့တွေနဲ့အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတွေ ပါဝင်တဲ့ ပါတီ ၈ ခုနဲ့ မစ္စတာ မက်ကိန်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မစ္စတာ မက်ကိန်း အနေနဲ့ အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထောင်စုလွှတ်တော် နာယကနဲ့တကွ လွှတ်တော် အမြဲတမ်း ရေးရာကော်မတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ပျော့ပျောင်းမှုရှိသလို အမေရိကန်လွှတ်တော်ကို လာရောက်လေ့လာဖို့ပါ ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားလွှတ်တော်နဲ့ အစိုးရ အာမခံချက်နဲ့ ကတိ၊ တာဝန်ခံချက်တွေ ဆိုင်ရာ စိစစ်ရေး ကော်မတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။

“သူဆွေးနွေးတဲ့ အပိုင်းတွေကလည်း နေရာပေါ်မူတည်ပြီး အကြောင်းအရာ ဦးတည်ချက်ချင်း ကွာချင် ကွာပါလိမ့်မယ်။ လွှတ်တော်မှာတော့ လွှတ်တော်နဲ့ ပတ်သက်တဲ့ဟာတွေပဲ သူ ပြောသွားပါတယ်။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ရတဲ့အချိန်လေးမှာ သူ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ၊ တည်ဆောက်ပုံလေးတွေကို ဆွေးနွေးတာ ရှိပါတယ်။ ကျနော်တို့ကတော့ ၁၇ ဦးပေါ့၊ တိုင်းရင်းသားပါတီ အသီးသီးကပါ သူ့ကို မေးချင်တဲ့ဟာလေးတွေ မေးကြတယ်ပေါ့လေ။

“အမေရိကန်လွှတ်တော်ရဲ့ အခြေအနေကိုလည်း သိချင်တယ်။ ဘာတွေ လုပ်ကြတယ်၊ ဘယ်လိုလုပ်ကြတယ် ဆိုတာ အတွေ့အကြုံချင်းလည်း ဖလှယ်ချင်တယ်။ သူတို့ကလည်း ဖိတ်ပါတယ်။ အခုမှ ဒီမိုကရေစီကို အစပျိုးကြတာကိုး။ ဘာပဲဖြစ်ဖြစ် အမေရိကန်ကတော့ နဂိုထက်စာရင် ကျနော်ထင်တယ်၊ နည်းပေါင်းစုံနဲ့တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဦးတည်သွားနိုင်မယ် ထင်ပါတယ်။ ပျော့ပျောင်းပါတယ်၊ ကျနော်တို့မြင်တာက၊ အင်မတန် ပျော့ပျောင်း ညင်သာကြပါတယ်။”

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက် မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ ချမှတ်ခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံရေးလောကက အရေးအပါဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဆန်းစစ်ဖို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG