သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RIA သတင်းသမားအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ CPJ တိုက်တွန်း

(Photo Credit: Editor Chief U Min Min)
1/5 (Photo Credit: Editor Chief U Min Min)
(Photo Credit: Editor Chief U Min Min)
2/5 (Photo Credit: Editor Chief U Min Min)
(Photo Credit: Editor Chief U Min Min)
3/5 (Photo Credit: Editor Chief U Min Min)
(Photo Credit: Editor Chief U Min Min)
4/5 (Photo Credit: Editor Chief U Min Min)
(Photo Credit: Editor Chief U Min Min)
5/5 (Photo Credit: Editor Chief U Min Min)
Previous slide
Next slide

ရခိုင်ပြည်နယ် စစ်တွေမြို့က နယ်ခံစာနယ်ဇင်းသမားတဦးရဲ့ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရမှုကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ Root Investigative Agency – RIA သတင်းအယ်ဒီတာချုပ်ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကိုကြည့်ရင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်နေတယ်လို့လည်း နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့တွေက ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

RIA သတင်းအယ်ဒီတာချုပ် ဦးမင်းမင်းရဲ့ နေအိမ်ကို မတ်လ ၁၀ ရက်နေ့ည သန်းခေါင်ယံမတိုင်ခင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က အိမ်သားတွေ ရှိမနေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိခဲ့ပေမဲ့ - နေအိမ်နံရံတွေကတော့ ပျက်စီးသွားတယ်လို့ ဦးမင်းမင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီ CPJ က - လွတ်လပ်တဲ့ အဆင့်မြင့် စုံစမ်း စစ်ဆေးမှုတွေလုပ်ဆောင်ပြီး တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူဖို့ အစိုးရကို တောင်းဆိုတဲ့အကြောင်း CPJ ရဲ့ အာရှရေးရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Bob Ditz က အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရက ဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုတွေ မလုပ်မှာ၊ ရေဆုံးရေဖျား မလိုက်မှာကို ကျနော်တို့ အစိုးရိမ်ဆုံးပါ။ ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတော်အဆင့် အာဏာပိုင်တွေ အနေနဲ့ ဒီအမှုကို ကျုးလွန်တဲ့သူကို စုံစမ်းဖော်ထုတ် အရေးယူစေချင်ပါတယ်။”

အလားတူ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF ကလည်း - အစိုးရအနေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်လို့လည်း မတ်လ ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတဦးရဲ့ နေအိမ် အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် - လွတ်လပ်စွာ ရေးသားဖော်ပြလိုကြတဲ့ မြန်မာနိုင်ငံ အရပ်ရပ်က သတင်းထောက်တွေအတွက် အန္တရာယ်ရှိတယ်လို့လည်း CPJ ရဲ့ အာရှရေးရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Bob Ditz က ဆက်ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေသလို၊ ပဋိပက္ခ ဖြစ်ပွားတဲ့ ဘယ်နေရာမျိုးမှာမဆို လူတိုင်းအတွက် အန္တရာယ်များပါတယ်။ သတင်းတွေကို စုံစမ်းဖော်ပြနေတဲ့ သတင်းသမားတွေ အတွက်ကတော့ ပိုတောင်အန္တရာယ်များမယ်လို့ ထင်ပါတယ်။ အခုဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာလည်း စိုးရိမ်စရာပါ၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိနေသလဲ မသိရတာကလည်း ပိုပြီးစိုးရိမ်စရာ ကောင်းပါတယ်။”

သတင်းထောက်တွေ အသက်ဆုံးရှုံးရတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ များများစားစား မရှိပေမဲ့လည်း အန္တရာယ်ရှိတဲ့ အခြေအနေတွေကတော့ ရှိနေဆဲပဲ လို့လည်း ပြောပါတယ်။ မကြာခင် အစိုးရသစ်တက်လာတဲ့အခါ တိုးတက်မှုတွေ ရှိလာနိုင်မလား မျှော်လင့်မှုတွေ ရှိနေတယ်လို့လည်း Bob Ditz က ပြောဆိုခဲ့ပါတယ်။

RIA သတင်းအယ်ဒီတာချုပ် ဦးမင်းမင်း ကတော့ - သူ့နေအိမ် ဗုံးခွဲတိုက်ခိုက်မခံရခင် - လူမှုကွန်ယက်စာမျက်နှာတွေမှာ သူနဲ့ သူ့လုပ်ဖော်ကိုင်ဘက် တွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့လည်း - ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ပေါက်ကွဲမှုမဖြစ်ခင် ရက်ပေါင်း ၂၀ လောက်အလိုကတည်းက ကျနော်တို့ရဲ့ သတင်းထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး Facebook တို့ Viber တို့မှာ အရမ်းဝေဖန်မှုတွေ အမုန်းစကားတွေ ပျံ့နှံ့နေခဲ့ပါတယ်။ အထူးသဖြင့် အခု ပေါက်ကွဲခဲ့တဲ့ နေအိမ်ဟာဆိုရင် RIA ရဲ့ ရုံးခန်းဖြစ်တဲ့အကြောင်းရယ်၊ ကိုမင်းမင်းရဲ့နေအိမ်ဖြစ်တဲ့အကြောင်း ကိုမင်းမင်းတို့ကို သတ်မယ်ဆိုရင် ကျပ် သိန်း ၂၀ ကနေ ၃၀ အထိ ချက်ခြင်းကို လွှဲပေးသွားမယ် စတဲ့ လှုံ့ဆော်ရေးသားမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်တဲ့အတွက် ဒီပေါက်ကွဲမှုဟာ ကျနော်တို့ ထုတ်လုပ်တဲ့ သတင်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း အတည်ပြုထားပါတယ်။ ကျနော်တို့ မေလ ၅ ရက်နေ့ကပေါ့နော် ထုတ်လွှတ်ခဲ့တဲ့ သတင်းထဲမှာ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင် ကိုယ်တိုင်ဟာ ရခိုင်ပြည်နယ်ရဲ့မူးယစ်လမ်းကြောင်းတွေကို သူကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့ပါတယ်။ ဒီသတင်းကို ရေးသားရခြင်းဟာလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်တွင်းမှာ ဖမ်းမိတဲ့ (AA) တပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ကို ကိုးကားပြီး ကျနော်တို့က ရေးသားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပလက်၀ ချင်းတောင်တန်းတွေမှာပေါ့နော် (AA) ဘက်က ချင်းတိုင်းရင်းသားတွေရဲ့ စားနပ်ရိက္ခာတွေကို တန်ဖိုးတစုံတရာမပေးဘဲ လုယူတာတွေ စတဲ့ သတင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမုန်းစကား ဖြန့်ဝေမှုတွေက ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။”

မေး - ဆိုတော့ လောလောဆယ် အာဏာပိုင်တွေကရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်နေသလဲရှင့်။

ဖြေ - “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး စုံစမ်းစစ်ဆေးမှုတွေကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အပြင် ဒီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပါတယ်၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန စတဲ့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေအကုန်လုံးက လာရောက်စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးမှု နောက်ပိုင်းမှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်တာက ဒီဗုံးဟာ အသံဗုံးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။”

RIA သတင်းဌာနအယ်ဒီတာချုပ် ဦးမင်းမင်းရဲ့နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်တွေမြို့ရဲစခန်းက ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထု ပစ္စည်းအက်ဥပဒေ ပုဒ်မ (၃) နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တရားဝင် စာပေးပို့ တောင်းဆို ထားတယ်လို့လည်း RIA သတင်းဌာန အယ်ဒီတာချုပ် ဦးမင်းမင်း က ပြောဆိုခဲ့ပါတယ်။ RIA သတင်းဌာနကို ၂၀၁၅ ခုနှစ် သြဂုတ်လက စတင် ထူထောင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၁၂ ကစလို့ ဒေသခံရခိုင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ၊ ရခိုင်တပ်မတော် (AA) နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဗကြာင့် နယ်မြေခံ သတင်းထောက် တွေအနေနဲ့ သတင်းရေးသားရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရသလို၊ လုံခြုံရေးအရ ခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးမင်းမင်းက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG