သုံးရလွယ်ကူစေသည့် Link များ

မြန်မာစာနယ်ဇင်း လောကသားတွေကြားမှာ ဂါဒီယန်ဦးစိန်ဝင်း လို့ လူသိများတဲ့ ၀ါရင့်သတင်းစာဆရာ တဦးဖြစ်တဲ့ ဦးစိန်ဝင်း ဒီကနေ့ မနက် အစောပိုင်းမှာပဲ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကိုလိုနီခေတ်ကစလို့ မကွယ်လွန်မီ အချိန်အထိ သတင်းစာ လုပ်ငန်းနဲ့ သတင်းလွတ်လပ်ခွင့်တွေကို အာရုံစိုက် လုပ်ခဲ့တဲ့အတွက်လည်း ဦးစိန်ဝင်း ဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာ သတင်းလောကကပါ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခံခဲ့ရသူပါ။ ဒါကြောင့်လည်း သတင်းစာဆရာကြီး ဦးစိန်ဝင်း ကွယ်လွန်သွားတဲ့အပေါ် သတင်းလောကသား တွေကတော့က ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် နှမျောတသနေကြတဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

သတင်းစာသမား တဦးအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရုံသာမက သတင်းစာပညာ ပြန့်ပွားရေး၊ သတင်းစာ လွတ်လပ်ခွင့်ရရေး ကြိုးပမ်းခဲ့တဲ့ ဦးစိန်ဝင်း ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်ရှိနေပါပြီ။ ၀ါရင့်သတင်းစာဆရာ ဖခင်ဖြစ်သူထံကနေ စာနယ်ဇင်း ပညာကို အမွေဆက်ခံခဲ့ပြီး အခုအခါ AP သတင်းဌာနရဲ့ မြန်မာသတင်းထောက်တဦး အဖြစ် တာဝန်ယူနေတဲ့ သမီးဖြစ်သူ ဒေါ်အေးအေးဝင်း ကတော့ ရန်ကုန်မြို့က ဆေးရုံပေါ်မှာပဲ ဦးစိန်ဝင်း ကွယ်လွန်သွားတဲ့ အကြောင်း ပြောပြပါတယ်။

"အမှန်ပြောရရင်တော့ အသက်ကြီးလို့ ဆုံးတာပေါ့နော်။ ၉၂နှစ်ဆိုတော့လေ။ ဒါပေမဲ့ ရောဂါအရ လို့ပြောရရင်တော့ နေမကောင်းတဲ့အချိန်မှာ သူ့ကျောက်ကပ်က မကောင်းဘူးဖြစ် သွားတယ်။ Kidney မကောင်းလို့ပေါ့လေ အဲ့လိုပဲ ပြောရမှာပဲ။ ဒီနေ့ ၂နာရီ ၁၂မိနစ်မှာ ဆုံးသွားပါတယ်။"

၁၉၂၂ ခုနှစ်က ကျောင်းကုန်းမြို့နယ်မှာ မွေးဖွားခဲ့သူ ဦးစိန်ဝင်း ဟာဆိုရင်တော့ ဗြိတိသျှ ကိုလိုနီလက်ထက်ကစလို့ စစ်အာဏာရှင်အဆုံး ခေတ်အဆက်ဆက်ကို သတင်းစာ သမားတဦးအဖြစ် ဖြတ်သန်းရာမှာ အာဏာပိုင်တွေရဲ့ငြိငြင်မှုတွေ အပြစ်ပေး အရေးယူမှုတွေနဲ့လည်း ကြုံခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ ဂါဒီယန် သတင်းစာကို မြန်မာနိုင်ငံမှာ စတင်ထုတ်ဝေခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင်အဖြစ် သိမ်းယူခံခဲ့ရတဲ့ အချိန်အထိ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့တာပါ။

၁၉၆၃ ခုနှစ်မှာတော့ သတင်းစာလွတ်လပ်ခွင့်အတွက် ချီးမြှင့်တဲ့ နိုင်ငံတကာ ဆုတခုဖြစ်တဲ့ ရွှေကလောင် ဆုကိုလည်း ရရှိခဲ့ပါတယ်။ သူနဲ့အတူ သတင်းစာ လွတ်လပ်ခွင့်အတွက် လက်တွဲဆောင်ရွက်ခဲ့ဖူးတဲ့ ဟံသာဝတီ ဦးဝင်းတင် ကတော့ ဦးစိန်ဝင်းဟာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာရုံစိုက် လုပ်ခဲ့သူတဦးလို့ ပြောပါတယ်။

"ဦးစိန်ဝင်းဟာ အမှန်အတိုင်း ပြောရလို့ရှိရင် သူသတင်းစာလောကမှာ လုပ်နေတုန်းအချိန်ကာလတုန်းက သတင်းစာလွတ်လပ်ခွင့်အတွက် အဓိက ထားပြီးတော့ တိုက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းကနေပြီးတော့ ပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ကျနော်သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသတင်းစာဆရာအသင်း ဥက္ကဋ္ဌလုပ်တဲ့အချိန်မှာ ကျနော်လည်း သတင်းစာဆရာအတွင်းရေးမှူး လုပ်ခဲ့ဖူးတာရှိတယ်။ နောက်ပြီးတော့ စာနယ်ဇင်းကောင်စီအတွင်းရေးမှူး လုပ်တာကနေ သူပြီးသွားတဲ့အခါကျတော့ ကျနော်လည်း စာနယ်ဇင်းကောင်စီအတွင်းရေးမှူးတွေ ဘာတွေ လုပ်ဖူးတယ်။

အဲ့တော့ ဒီလိုလုပ်တဲ့ကာလတလျောက်လုံးမှာ ဦးစိန်ဝင်းဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ အလွန်ကို ခိုင်မာပြတ်သားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒါ့အပြင် သတင်းစာ လွတ်လပ်ခွင့်ရှိဖို့ဆိုရင် သတင်းစာသမားတွေဟာ အရည်အချင်းပြည့်ဝဖို့ လိုတယ်။ အရည်အချင်းပြည့်ဝဖို့ဆိုတာ သတင်းစာ သင်တန်းဖွင့်ဖို့ တို့ဘာတို့ ကိစ္စတွေလည်း ထက်ထက်သန်သန် လုပ်ခဲ့တဲ့သူပါ။ အဲ့တော့ ၁၉၆၂မှာဆိုလို့ရှိရင် တပြည်လုံးကို သတင်းစာသင်တန်းဖွင့်ခဲ့တယ်။ မြန်မာပြည်မှာ ပထမဆုံးဖွင့်တဲ့သင်တန်းခင်ဗျ။"

ဦးစိန်ဝင်း ဟာ နိုင်ငံတကာ သတင်းအေဂျင်စီတခုဖြစ်တဲ့ AP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် ၁၉၆၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဂျပန်သတင်းစာတစောင်ဖြစ်တဲ့ Kyodo သတင်းထောက်အဖြစ် အနားမယူခင် အချိန်အထိ လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘ၀တလျှောက်လုံး သတင်းစာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်မြုပ် အလုပ်လုပ်ခဲ့တဲ့ ဦးစိန်ဝင်း ကွယ်လွန်သွားတာကတော့ အစားထိုးဖို့ မလွယ်တဲ့ ဆုံးရှုံးမှုတခုလို့လည်း ၀ါရင့်သတင်းစာဆရာ ဦးဝင်းတင် ကမြင်ပါတယ်။

"ဦးစိန်ဝင်းကို ကျနော်အပြောချင်ဆုံးက ဘာလဲဆိုတော့ စကားနည်းနည်းပြောပြီးတော့ အလုပ်များများလုပ်တဲ့ သူဖြစ်ပါတယ်။ အဓိက အကျဆုံးက သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်လာရင်တော့ အခိုင်မာဆုံးနဲ့ အပြတ်သားဆုံးလုပ်တဲ့ပုဂ္ဂိုလ်ထဲမှာ တစ်ယောက်ပါဝင်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အခုလိုကွယ်လွန်သွားတဲ့အတွက် ကျနော်အများကြီး စိတ်မကောင်းဘူး။ အဲ့လို သူကွယ်လွန်ခြင်းဟာ သတင်းစာလောကမှာ နေတစ်လုံးကွယ်တယ်လို့ ကျနော် တင်စားပြီးပြောချင်ပါတယ်။"

ဝါရင့်သတင်းစာဆရာ ဦးစိန်ဝင်းဟာ ကွယ်လွန်ချိန်မှာတော့ သမီး ၃ ယောက် နဲ့ မြေး ၇ ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပန အခမ်းအနားကိုတော့ စနေနေ့ ရေဝေးသုဿာန်မှာ သဂြိုင်္ဟ်ဖို့လည်း မိသားစုက စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG