နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ တရားစွဲဆိုပြီး ထောင်အချခံထားတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားတဦး ကားသမား အပါအဝင် ပေါင်းလေးဦးကို ရမည်းသင်းထောင်ကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ နိုင်ငံခြားသားသတင်းထောက်နှစ်ဦးကိုတော့ သူတို့နိုင်ငံတွေဆီ နေ့ချင်းပြန်လည်ပို့ဆောင်ပေးလိုက်ပါတယ်။ အခုလို သူတို့ကိုတရားစွဲထားတဲ့အမှုတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးလိုက်ပေမဲ့ ဖမ်းဆီးခံရစဉ်က ရှာဖွေပုံစံနဲ့ သိမ်းခံထားရတဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ အမိန့်ချလိုက်တဲ့အပေါ်မှာတော့ တရားရုံးတက်ပြီး ပြန်လည် တောင်းခံဖို့ရှိပါတယ်လို့ ရှေ့နေကပြောပါတယ်။ မဆုမွန် တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး Mok Choy Lin ၊ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက် Lau Hon Meng တို့နဲ့အတူ ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ကိုလှတင်တို့ကိုဒီကနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့ သောကြာနေ့ မနက်ပိုင်းမှာတော့ ရမည်းသင်းထောင်ကနေ အားလုံးကို ထောင်ပိုင်က လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
နိုင်ငံခြားသတင်းထောက်တွေကိုတော့ ရမည်းသင်းထောင်ကနေ ချက်ခြင်းဆိုသလို သက်ဆိုင်ရာသံရုံးတာဝန်ရှိသူတွေ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေက ကြိုဆိုခေါ်ဆောင်ပြီး သူတို့နေရပ်ရင်းနိုင်ငံတွေဆီ နေ့ခြင်း ပြန်ပို့ပေးလိုက်တဲ့အကြောင်း တရားစွဲဆိုခံရတဲ့ သတင်းသမားတွေ ဘက်က အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။
" သူတို့ကိုလွတ်တဲ့အချိန် ကျတော့ ကိုအောင်နိုင်စိုးနဲ့ ကိုလှတင် နှစ်ယောက်ကတော့ ထောင်ဗူးဝကပဲ လွှတ်လိုက်တာပေါ့။ ပုံမှန်အတိုင်း ထောင်ဗူးဝက လွှတ်လိုက်တဲ့အခါကျတော့ သူတို့မိသားစုတွေက ထောင်ဗူးဝကစောင့်ပြီး တခါတည်းပဲ ရမည်းသင်းကနေရန်ကုန်ကို သွားပါတယ်။
နိုင်ငံခြားသားနှစ်ယောက်ဖြစ်တဲ့Mok Choy Lin နဲ့Lau Hon Meng တို့နှစ်ယောက်ကတော့ တခါတည်းပဲ ထောင်ဗူးဝကနေပြီးတော့မှ အင်မီဂရေးရှင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက လူဝင်မှုကြီးကြပ်ရေးကားနဲ့ တခါတည်းခေါ်သွားပါတယ် ခေါ်ပြီးတော့မှ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို တိုက်ရိုက်ပို့မယ်လို့ပြောပါတယ်။
အဲ့တော့ မနေ့ကတည်းက သက်ဆိုင်ရာသံရုံးတွေက အထူးသဖြင့်တော့ စင်ကာပူသံရုံးပေါ့ဗျာ ဆက်စပ်ပြီးတော့ စင်ကာပူသံရုံးကလည်း ညနေပိုင်း ဒါမှမဟုတ် ညပိုင်း လေယာဉ်လက်မှတ်ကို လုပ်ထားပါတယ်။ အဲ့တော့ သူတို့ အဲ့ကိုရောက်တာနဲ့ တခါတည်း ပြန်လွှတ်မှာခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဗီဇာသက်တမ်းက ကုန်နေတဲ့အခါကျတော့ ပြည်နှင်ဒဏ်ပေးတာတော့ မဟုတ်ဘူး လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၄၂အရ အစိုးရက ထောင်က လွှတ်လိုက်တဲ့အချိန်မှာ သူတို့ကို လဝက က တာဝန်ယူပြီးတော့ လုပ်ပေးလိုက်တာ။"
သူတို့ လွှတ်တော်ကို DRONE ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းခံလိုက်ရချိန်မှာ ရှာဖွေပုံစံသက်သေအဖြစ် သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေကိုတော့ တရားရုံးက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ အမိန့်ချလိုက်ပါတယ်။ ဒီအပေါ် တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးဘက်က သိမ်းဆည်းခံပစ္စည်းတွေ ပြန်လည်ရလိုမှုနဲ့ တရားရုံးကို တောင်းဆိုသွားဖိှု့ရှိတယ်လို့လည်း ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
" အမှုကိုရုပ်သိမ်းတာနဲ့ပတ်သက်ပြီး ကျနော်တို့ ကျေနပ်တယ် သဘောကျတယ် ဝမ်းသာတယ်။ ကျေးဇူးလည်း တင်တယ်ပေါ့ဗျာ အကုန် Clear ဖြစ်ပေမဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး အမိန့်ချလိုက်တဲ့အခါကျတော့ အဲ့ဒီ့ရှာဖွေပုံစံနဲ့ သိမ်းထားတဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေဆိုပြီး အမိန့်ချတယ်ဗျ။ လူတွေတော့ လွှတ်လိုက်တယ် အဲ့ဒီ့တော့ အဲ့တာနဲ့ပတ်သက်လို့ ကိုအောင်နိုင်စိုးတို့က သိပ်ပြီးတော့ စိတ်မချမ်းသာဘူးပေါ့ဗျာ
ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ဒီပစ္စည်းတွေထဲမှာ နိုင်ငံအတွက် အန္တရာယ်ရှိတာပါရင် ဘယ်လိုပဲဖြစ်ဖြစ် အမှုက နဂိုကတည်းက အမှုကပိုကြီးလာမှာကိုး အဲ့တော့ အခုက နိုင်ငံရဲ့လုံခြုံရေးကိုလည်း မထိခိုက်စေဘူးလို့ပြောထားတဲ့အတွက် ကိုအောင်နိုင်စိုးအနေနဲ့ သူ့ရဲ့ ကဗျာတွေ သီချင်းတွေ နောက် ဓာတ်ပုံတွေလည်း ပါတယ်ဆိုတော့ အဲ့တာကို သူက ပြန်လိုချင်တယ်ပေါ့ အဲ့တော့ ဥပဒေအရလည်း ဥပဒေရဲ့ မူအရ လူတယောက်ကို အမှုရုပ်သိမ်းလိုက်ရင် ဒီအမှုမှာ သူ့အပေါ် ဒီအမှု မရှိတော့ဘူးပေါ့ခင်ဗျာ နော် သူ့အပေါ် စွပ်စွဲတဲ့အမှု မရှိတော့ဘူးဆိုရင် ရှာဖွေပုံစံနဲ့သိမ်းထားတဲ့ ပစ္စည်းတွေကို သိမ်းခံထားရတဲ့သူလက်ထဲ ပြန်ထည့်ပေးရတယ်ဗျ အဲ့တာကြောင့် ကျနော်တို့က အပေါ်ရုံးတက်ပြီးတော့ ပစ္စည်းတွေကို ပြန်တောင်းဖို့ရှိပါတယ်။ ပြင်ဆင်မှု သို့မဟုတ် ပြစ်မှု အထွေထွေ မှု ဖွဲ့ပြီးတော့ပေါ့ဗျာနော်။"
သူတို့လေးဦးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ (၈) နဲ့ အရင်တရားစွဲဆိုပြီး နောက်လေကြောင်း ပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထပ်တိုးတရားစွဲပြီး လောလောဆယ် ထောင်ဒဏ် ၂လစီ ပြစ်ဒဏ်ချထားခဲ့တာပါ။ တရားရုံးတင် စစ်ဆေးနေချိန်မှာပဲ နိုင်ငံခြားသား သတင်းထောက်တွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိက ထပ်ပြီးတော့ တရားစွဲဆိုခဲ့ပါသေးတယ်။
အဲ့ဒီ့နောက်မှာတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမယ့် ရည်ရွယ်ချက်မရှိတဲ့အတွက်ဆိုပြီး အထက်ညွှန်ကြားချက်အရ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု့တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်နေ့က တရားရုံးကို တရားစွဲအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ လဝကအရာရှိတွေဘက်က အမှုရုပ်သိမ်းဖို့ လျှောက်ထားခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ တရားရုံးက အမှုအားလုံးကို ရုပ်သိမ်းပေးသလို လတ်တလော ကျခံနေရတဲ့ထောင်ဒဏ်ကိုလည်း လျှော့ရက်ပေးလိုက်တာဖြစ်ပါတယ်။
အခုလိုပြန်လည်လွှတ်ပေးလိုက်တဲ့အပေါ် အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေတွေနဲ့ မိသားစုဝင်တွေဘက်က ဝမ်းသာနေကြပါတယ်။ အခုလို Drone အမှုနဲ့ နိုင်ငံခြားသားသတင်းထောက်တွေ အပါအဝင် မြန်မာသတင်းသမားကို ပြန်လွှတ်ပေး လိုက်ပေမဲ့လို့ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦး အမှုအတွက်ကိုလည်း Drone အမှုကို လိုက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ရှေ့နေဦးခင်မောင်ဇော်ကပဲ လိုက်လံပြီး ဥပဒေကြောင်းအရ လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားဦးမှာဖြစ်တယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။