သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် စိတ်ဒဏ်ရာကုစားမှု


မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအခြေချသူတွေအတွက် စိတ်ဒဏ်ရာတွေကို ကုစားပေးနေတဲ့ "Joy House" ပီတိအိမ်ရဲ့ Across The River - "မြစ်ကိုဖြတ်၍" ပန်းချီပြပွဲ။ (ဓာတ်ပုံ-ဗွီအိုအေ မြန်မာ/Screenshot)
မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအခြေချသူတွေအတွက် စိတ်ဒဏ်ရာတွေကို ကုစားပေးနေတဲ့ "Joy House" ပီတိအိမ်ရဲ့ Across The River - "မြစ်ကိုဖြတ်၍" ပန်းချီပြပွဲ။ (ဓာတ်ပုံ-ဗွီအိုအေ မြန်မာ/Screenshot)

စစ်အာဏာသိမ်း အချိန်ကာလကြာလာတာနဲ့အမျှ အိုးအိမ်စွန့် ထွက်ပြေးလာရသူတွေမှာ ဘက်ပေါင်းစုံ အခက်အခဲရှိနေပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း အရင်ကထက်ပိုပြီး ရင်ဆိုင်လာရပါတယ်။ အဲဒီထဲမှာ ထိုင်း-မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ အရွယ်စုံ၊ လူတန်းစား အလွှာအသီးသီးတို့အတွက် သူတို့နဲ့ကိုက်ညီမယ့် အလုပ်အကိုင်ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုဖြေလျော့နိုင်ဖို့ ကူညီတာတွေ ရှိနေတဲ့အကြောင်း ထိုင်းနိုင်ငံကနေ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသူတွေထဲ နယ်ပယ်အသီးသီးမှာ ပညာရှင်အဖြစ်ရပ်တည်နေတဲ့ သူတွေလည်းပါဝင်နေပြီး သူတို့နဲ့ကိုက်ညီမယ့် အလုပ်အကိုင်ရနိုင်ဖို့က ခက်ခဲနေပါတယ်။ တချို့အတွက်က စစ်အာဏာမသိမ်းခင် မြန်မာပြည်မှာ နေခဲ့ရတဲ့ဘဝနဲ့ လုံးဝ ခြားနားသွားတာပါ။ အဲဒီထဲမှာ ဆင်းရဲ၊ ချမ်းသာမရွေး လူတန်းစားအလွှာအသီးအသီးမှာ စိတ်ဖိစီးမှုဒဏ် တော်တော်လေး ခံနေကြရတယ်လို့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုစားပေးနေတဲ့အစီအစဉ်ကိုလည်း လှုပ်ရှားဆောင်ရွက် နေကြတာပါ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နေရပ်စွန့်ခွာသူတွေကို အနုပညာနဲ့ ပြန်ကုစားပေးနေတဲ့အစီအစဉ်တွေ ဆောင်ရွက်လာတာ ၁၀ လဝန်းကျင် ရှိပြီဖြစ်တဲ့ Joy House ပီတိအိမ်ကလည်း From Across The River မြစ်ကိုဖြတ်၍ ခေါင်းစဉ်နဲ့ပန်းချီပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ထိုင်းနိုင်ငံဆီ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာတွေရဲ့အခက်အခဲတွေကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောပါတယ်။

"၂၀၂၁ ပြီးတဲ့အချိန်မှာ လာကြတဲ့ မြန်မာနိုင်ငံသားတွေက နည်းနည်းလေး ကွာခြားမှုတော့ရှိတယ်။ တချို့လူတွေက တကယ့်ကို ပညာတတ်တွေ ရှိတယ်။ အရည်အသွေးရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီး ပါလာတယ်။ ဒါကြောင့်မို့ ထိုင်းအစိုးရနဲ့ ထိုင်းလူ့အဖွဲ့အစည်းကိုလည်း သိစေချင်တယ်။ ထိုင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားတာမျိုးတွေ တွေ့ရတယ်။ ကိုယ်မလုပ်ဘူးတဲ့အလုပ်အကိုင်တွေကို ဝင်လုပ်နေရတဲ့ ဝန်ထမ်းတွေပေါ့ဗျာ။ ဥပမာ ကျောင်းဆရာ၊ ဆရာမတွေဆိုရင် စားသောက်ဆိုင်မှာ ပန်းကန်ဆေးနေရတာမျိုး တွေ့နေရတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ တော်လှန်ရေး ကြာလာတာနဲ့အမျှ ဒီကိစ္စတွေ ပိုပြီးဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ထိုင်းလူ့အဖွဲ့အစည်းရယ်၊ နိုင်ငံတကာမှာရှိတဲ့ အသိုင်းအဝိုင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အကူအညီပေးမှု လုပ်ငန်းတွေကို ပိုလုပ်သင့်တယ်။"

ပြောင်းရွှေ့လာသူတွေထဲမှာ တချို့က မိသားစုဝင်တွေနဲ့ သေကွဲ ကွဲခဲ့ကြသလို မိသားစုဝင်တွေ အကျဉ်းချခံထားရတာနဲ့ ကိုယ်ကိုယ်တိုင် သတ်သေဖို့ ကြိုးစားလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်နေရတာပါ။ အာဏာရှင်တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ အခုလိုကိစ္စမျိုးတွေ ပိုများလာနိုင်တယ်လို့ ကူညီသူတွေက ပြောပါတယ်။ စိတ်ဖိစီးမှု ပပျောက်အောင်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ထိုင်းအစိုးရနဲ့ နိုင်ငံတကာကို လှုံ့ဆော်စည်းရုံးမှုတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပန်းချီပြပွဲ ပြုလုပ်ခဲ့တာလို့ Joy House ပီတိအိမ်အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်နေခြည်ဝင်းက ပြောပါတယ်။

"စာရွက်စာတမ်းမရှိတဲ့သူတွေကို အလုပ်အကိုင်ပေးဖို့ဆိုတာက ထိုင်းနိုင်ငံမှာ အင်မတန်မှ ခက်ခဲတယ်ပေါ့။ ဒါပေမဲ့ ကျမအတွေ့အကြုံအရ ဘာသိရှိလိုက်လဲဆိုတော့ ဒီတော်လှန်ရေးကြီး ဘယ်လောက်ကြာမလဲဆိုတာ မသိပေမယ့် ငါတို့စိတ်ဓာတ်တွေ ခိုင်မာနေသရွေ့တော့ အဆုံးထိသွားနိုင်မယ်။ ဒီစိတ်ဓာတ်တွေခိုင်မာဖို့ ဘာလုပ်ဖို့လိုအပ်သလဲ ပြန်စဉ်းစားတဲ့အခါမှာ ကိုယ်ဝါသနာပါတဲ့ အရာတခုခုကို လူကလုပ်နေရရင် ဘာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ ပြေပျောက်တယ်ပေါ့နော်။ မေ့ထားခြင်းခံရတဲ့ ပညာရှင်တွေရော၊ သာမန်ပြည်သူတွေရော အများကြီး ကြိုးစားနေကြတယ်။ အဲဒါကို ကိုယ့်ရဲ့ မြန်မာအသိုင်းအဝိုင်းတင် မကဘူး၊ ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေရော၊ နိုင်ငံတကာက လူတွေပါ သိအောင်ပေါ့နော်၊ အစ်မတို့က အနုပညာနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ပဲ ကမ္ဘာကသိအောင် မြန်မာ့အရေးကို ဖော်ထုတ်သွားမယ်ပေါ့။"

မြန်မာအဖွဲ့အစည်းတွေအနေနဲ့ ထိုင်းနိုင်ငံအပြင် တခြားနိုင်ငံတွေဆီရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ပံ့ပိုးကူညီတာတွေ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။ မြန်မာရွှေ့ပြောင်းသူတွေရဲ့အခြေအနေကို ဆွေးနွေးခဲ့ကြသူတွေထဲ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ Synergy ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသက်ဆွေဝင်းကလည်း တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ရွှေ့ပြောင်းသူတွေအတွက် အခက်အခဲတွေဟာ အခုထက်ပိုများနိုင်ပေမယ့် တော်လှန်ရေး အောင်နိုင်ဖို့ကို ဆက်ပြီး ယုံကြည်နေဖို့ လိုတယ်လို့ ပြောပါတယ်။

"တော်လှန်ရေးကို ဆက်ယုံကြည်နေဖို့ လိုတယ်။ ကျနော်တို့ တော်လှန်ရေးအချိန် ကြာနိုင်လိမ့်မယ်။ အကယ်၍ လက်ရှိ ရှိနေတဲ့ ဦးဆောင်မှုက အဆင်မပြေဘူး၊ မကောင်းဘူးဆိုရင်လည်း ပိုကောင်းတဲ့ ဦးဆောင်မှုဖြစ်လာအောင် ကျနော်တို့ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမလဲ ဆိုတာမျိုး ဘက်ပေါင်းစုံကနေ ဝိုင်းတွန်းပြီးတော့ ဆက်သွားနေဖို့ လိုလိမ့်မယ်။ ဒီအစုအဖွဲ့တခုကို မကြိုက်တာကြောင့် ဒီတော်လှန်ရေး အလုပ်မဖြစ်ပါဘူးလို့ တွေးတာထက်စာရင်၊ ဒီစစ်အာဏာရှင်လက်အောက် မနေနိုင်တော့လို့ ဘယ်သူနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ရအောင်တော်လှန်မယ်ဆိုတဲ့ အခြေခံအတွေးနဲ့ ဆက်သွားမယ်ဆိုရင်တော့ ဒီတော်လှန်ရေးက မအောင်စရာ မရှိပါဘူး။"

စစ်အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး ထိုင်း-မြန်မာနယ်စပ် ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အနုပညာနဲ့ ပြန်လည်ကုစားပေးနေတဲ့ Joy House ပီတိအိမ်က ဦးဆောင်ပြီး “From Across The River” မြစ်ကိုဖြတ်၍ ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၃ ရက်တာ ကျင်းပခဲ့တာပါ။ ပြောင်းရွှေ့သူတွေရဲ့အခြေအနေအခက်အခဲတွေကို ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေ သိရှိနိုင်အောင် ရည်ရွယ်ထားသလို အကြမ်းမဖက်တဲ့နည်းနဲ့ မြန်မာ့အရေးကို ကမ္ဘာကသိအောင် ဖော်ထုတ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို ပွဲအခမ်းအနားကို ကျင်းပခဲ့တာလို့ ပြောပါတယ်။

XS
SM
MD
LG