၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်က လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ်ခဲ့တာနဲ့ဆိုင်တဲ့ အမှုအတွက် ရွေးကောက်ခံသမ္မတ Donald Trump ကို ဇန်နဝါရီ ၁၀ ရက်မှာ ပြစ်ဒဏ်ချမယ်လို့ New York မြို့ တရားသူကြီးက ရက်သတ်မှတ်လိုက်ပါတယ်။
သမ္မတကျမ်းကျိန်ပွဲလုပ်ဖို့ ၁၀ ရက်အလိုမှာ ပြစ်ဒဏ်ချမှာဖြစ်ပေမဲ့ ထောင်ဒဏ်ချမှာ မဟုတ်သလို၊ ဒဏ်ငွေလည်းရိုက်မှာ မဟုတ်ဘူးလို့ တရားသူကြီး Juan M. Merchan က သောကြာနေ့က ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်မှာ အရိပ်အမြွက် ပြောကြားထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံသမ္မတ Trump ဇန်နဝါရီ ၂၀ မှာ သမ္မတတာဝန် လွှဲယူတဲ့အခါ ပြစ်မှုကျူးလွန်ခဲ့သူ ပထမဆုံး သမ္မတအနေနဲ့ မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတွေကို လိမ်ညာပြသတယ်ဆိုတဲ့ အမှုပေါင်း ၃၄ မှုအတွက် Trump မှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ထားပြီး ဇန်နဝါရီလ ၁၀ ရက်မှာ ပြစ်ဒဏ်ချတော့မှာ ဖြစ်ပါတယ်။ အပြစ်ရှိတဲ့ အမှုတွေထဲမှာ လိင်ဖျော်ဖြေရေးမယ် Stormy Daniels ကို နှုတ်ပိတ်ခငွေ ပေးခဲ့တာကို ဖုံးကွယ်ခဲ့မှုလည်း ပါပါတယ်။ Trump ကတော့ ဒီစွပ်စွဲမှုဟာ မှားယွင်းလုပ်ကြံမှုဖြစ်ပြီး သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ပြစ်ဒဏ်ချမယ့် ၁၀ ရက်နေ့ကျရင် တရားရုံးကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ လာဖို့ တရားသူကြီးက Trump ကို ဆင့်ခေါ်ထားပေမဲ့ သူ့ရဲ့ ရှေ့နေတွေအနေနဲ့ အဲဒီနေ့မှာ ပြစ်ဒဏ်မချနိုင်အောင် အယူခံဝင်မယ်လို့ ခန့်မှန်းရပါတယ်။
Forum