Wikileaks အင်တာနက်ဝက်ဘ်ဆိုဒ်တည်ထောင်သူ Julian Assange ကို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခံနေရသလိုဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အလုပ်အဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အပြစ်မရှိကြောင်း အထင်အရှားပြသလိုက် တာဖြစ်တယ်လို့ Mr. Assange က လန်ဒန်မြို့က အီကွေဒေါ သံရုံး ကနေ သောကြာနေ့ မှာ ပြောလိုက်ပါတယ်။ မစ္စတာ အာဆန့်ချ်ဟာ သူ့ကို တရားခံအဖြစ် နဲ့ လွှဲပြောင်းမခံရအောင် အဲဒီ အီကွေဒေါသံရုံးမှာ ခိုလှုံနေ တာဖြစ်ပါတယ်။
သူ့ကို မှားယွင်းစွာ ဖမ်းဆီးထားတာဟာ အခုဆိုရင် ဥပဒေအတိုင်းပဲဖြစ်ရမယ်လို့ မစ္စတာ အာဆန့်ချ်က သံရုံးအတွင်းက ဗီဒီယိုကနေတဆင့် ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ လန်ဒန်မှာရှိတဲ့ အီကွေဒေါ သံရုံးကနေ ထွက်ခွာဖို့ စီစဉ်ထားပေမယ့် ၊ ဘယ်တော့ဆိုတဲ့ အချိန်အတိုင်းအတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
မစ္စတာ အာဆန့်ချ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခံရ တာဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့တွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးပြီး ဆွီဒင်နိုင်ငံကို တရားခံ လွှဲပြောင်းပေးတာ ကို ရှောင်ရှားနိုင်ဖို့အတွက် မစ္စတာ အာဆန့်ချ်က အီကွေဒေါသံရုံးမှာ ခိုလှုံနေတာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်ကိုတော့ သူဘက်က ကျူးလွန်ခြင်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
မစ္စတာ အာဆန့်ချ်ရှေ့နေဖြစ်တဲ့ အရင်စပိန်တရားသူကြီးဟောင်း Baltasar Garzon ကတော့ - မစ္စတာအာဆန့်ချ်အခုလို လွတ်လွတ်လပ်လပ် သွားလာခွင့်မရဘဲ နေနေရ တာဟာ ထောင်ချထားတာထက်ပိုဆိုးပြီး၊ နောက်ထပ် ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လာမယ်ဆိုရင်၊ ညှင်းပမ်းနှိပ်စက်တာတွေဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာဖြစ်ပြီး၊ ဆွီဒင်အာဏာပိုင်တွေအနေနဲ့ မစ္စတာအာဆန့်ချ်ကို ဖမ်းဝရမ်းထုတ်ထားတာကို ပြန်ရုတ်သိမ်းသင့်တယ်လို့ ရှေ့နေဖြစ်သူ Garzon က ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ဒီ ၂ နိုင်ငံစလုံးအနေနဲ့ ကုလသမဂ္ဂရဲ့ အဆုံးအဖြတ်ကို လေးစားဖို့လိုတယ်လို့ ပြောပါတယ်။