သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွတ်လပ်ရေးနေ့ စစ်အင်အားနဲ့ ဂုဏ်ပြုဖို့ Trump စီစဉ်


သမ္မတ Donald Trump
သမ္မတ Donald Trump

ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့မှာ ကျရောက်မယ့် ၂၄၃ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ကို ဝါရှင်တန်ဒီစီ မြို့တော်မှာ ဒီနှစ်အတွက် ထူးထူးခြားခြား ကျင်းပဖို့ ပြင်နေပါတယ်။ သမ္မတ Donald Trump ကတော့ ဒီပွဲမှာ ကြီးကျယ်တဲ့ မီးရှုးမီးပန်း အလှဖေါက်တာတွေ အပြင် စစ်ရေးပြတာတွေနဲ့ သူကိုယ်တိုင် မိန့်ခွန်းပြောဖို့ပါ စီစဉ်နေတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

သမ္မတ Donald Trump ဟာ ၂၀၁၇ ဇူလိုင်လ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Bastille Day ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြ အခန်းအနားကို တက်ရောက် ခဲ့ပြီးကတည်းက အမေရိကန်နိုင်ငံမှာလည်း ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြ အခန်းအနားတွေ လုပ်ချင်နေတာ ဖြစ်ပါတယ်။ သမ္မတ Trump က မနှစ်ကနွေရာသီ စစ်မှုထမ်းဟောင်းများနေ့တုန်းက ဒီလိုအခန်းနားမျိုး ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ကုန်ကျမယ့်ငွေက ဒေါ်လာ သန်းတရာလောက် ရှိနေသလို ဝါရှင်တန်ဒီစီက လမ်းတွေ ပျက်စီးမယ့် အရေးကြောင့် သူ့ရဲ့ အကြံအထမမြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဒီနှစ် ကျရောက်မယ့် လွတ်လပ်ရေးနေ့မှာ ဝါရှင်တန်ဒီစီက ပြည်သူ့ရင်ပြင်တလျှောက် စစ်ရေးပြအခန်းအနားနဲ့ အတူ သူကိုယ်တိုင်မိန့်ခွန်းချွေရင်း Salute to America ဆိုတဲ့ အမေရိကန်နိုင်ငံကို စစ်အင်အားနဲ့ ဂုဏ်ပြုဖို့ စီစဉ်နေတယ်လို့ သမ္မတ Trump က ပြောပါတယ်။

“ဒီ ဝါရှင်တန်ဒီစီမှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ပွဲတော်ကို ဘယ်တုန်းကနဲ့မှ မတူအောင် ကျနော်တို့ ထူးထူးခြားခြား ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲကို လူတွေ အများကြီး လာရောက်ကြမှာ ဖြစ်သလို ဒီပွဲဟာ အမေရိကန်နိုင်ငံကို ဂုဏ်ပြုဖို့ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပြီး ကျနော်ပြောချင်တာတခုက ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံးတိုက်လေယာဉ်တွေနဲ့ တခြားလေယာဉ်တွေ ကောင်းကင်မှာ ပျံဝဲနေမှာ ဖြစ်သလို သံချပ်ကာကားတွေလည်း ရှိမယ်ဆိုတာပါ။”

အမေရိကန်နိုင်ငံကို ဂုဏ်ပြုတဲ့ ဒီပွဲမှာ စစ်တပ်က တေးဂီတတွေနဲ့အတူ မြေပြင်ရော ဝေဟင်ကပါ စစ်ရေးပြအခမ်းအနားတွေ ပါဝင်မယ်လို့ ဒီပွဲကို ကြီးကြပ်စီစဉ်ရတဲ့ ပြည်ထဲရေးဌာနက ပြောပါတယ်။

သမ္မတ Trump ဟာ သမ္မတလင်ကွန်း အမှတ်တရ အဆောက်အဦးရှေ့မှာ ဇူလိုင် ၄ ရက်နေ့ ကြာသပတေးနေ့ ညနေ ၆ နာရီခွဲမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီ အခမ်းအနား ရှေ့ဆုံးမှာ အထူးဧည့်သည်တွေအတွက် နေရာပြင်ဆင်ပြီး အဲဒီအတွက် လက်မှတ်နေရာတွေကို သမ္မတအိမ်ဖြူတော်က စီစဉ်ဖြန့်ဝေပေးမှာပါ။

အမေရိကန် ကြည်း၊ ရေ၊ လေ မရိန်းတပ်တွေက အကြီးအကဲတွေဟာ သမ္မတဘေးမှာ ရှိနေမှာ ဖြစ်ပြီး ပြည်သူ့ရင်ပြင်ရဲ့ ကောင်းကင်ယံ ပေါ်မှာတော့ သမ္မတတွေစီးတဲ့ အထူးဘိုးရင်း ၇၄၇ လေယာဉ် Air Force One နဲ့ အမေရိကန်လေတပ်က Blue Angels တိုက်လေယာဉ်တွေ၊ B- 2 ဗုံးကြဲလေယာဉ်၊ F -35 နဲ့ F- 22 ဂျက်တိုက်လေယာဉ်တွေ ပျံဝဲနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် M1 Abrams အပါအဝင် စစ်သုံးသံချပ်ကာ ကားတွေကိုလည်း ပြည်သူ့ရင်ပြင် အခန်းအနား အနီးတဝိုက်မှာ ချထားဖို့ ပင်တာဂွန်စစ်ဌာနချုပ်က ခွင့်ပြုချက်ရပြီလို့ သမ္မတ Trump က တနင်္လာနေ့မှာပဲ ကြေညာခဲ့တာပါ။ ဂျော်ဂျီယာပြည်နယ် Stewart ခံတပ်က ဒီသံချပ်ကားကားတွေဟာ ဝါရှင်တန်ဒီစီထဲကို အင်္ဂါနေ့အစောပိုင်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခန်းအနားမှာတော့ မောင်းပြဖို့ မရှိဘူးလို့ သမ္မတ အိမ်ဖြူအရာရှိ တဦးက ပြောပါတယ်။

ဒီပွဲမှာ မီးရှုးမီးပန်းတွေကိုလည်း ည ၉ နာရီနောက်ပိုင်းမှာ ကြီးကြီးကျယ်ကျယ် ဖေါက်ဖို့ ပြင်နေတာပါ။ ပထမ လင်ကွန်းအမှတ်တရ အဆောက်ဦး တည်ရှိတဲ့နေရာ အနောက်ဘက်ကနေ စတင်မှာ ဖြစ်ပြီး နောက်မှာတော့ ပြည်သူ့ရင်ပြင် ကနေ ၂ မိုင်လောက် အကွာမှာ ရှိတဲ့ ပန်းခြံမှာ ပြောင်းပြီး မီးရှုးမီးပန်းတွေ ဖေါက်ဖို့ လုပ်နေပါတယ်။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ဗြိတိသျှ လက်အောက်ကနေ အမေရိကန် လွတ်လပ်ရေးရခဲ့တာ ဖြစ်ပြီး အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားတွေမှာ ထုံးစံအတိုင်း လွတ်လပ်ရေးနေ့ ချီတက်ပွဲတွေနဲ့ အတူ လွှတ်တော်အဆောက်အဦး အနောက်ဘက် မြက်ခင်းပြင်မှာ A Capitol Fourth ဖျော်ဖြေပွဲတွေလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့တွေကို အရင်က ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့အခါ နိုင်ငံရေးမပါအောင် ရှောင်ရှားလေ့ရှိပါတယ်။ သမ္မတ Trump လက်ထက် မှာတော့ မိန့်ခွန်းပြောဖို့ပါ စီစဉ်လာတဲ့အတွက်၂၀၂၀ သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ သမ္မတအနေနဲ့ ဒီအခမ်းအနားကို သူ့နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်လာမှာကို စိုးရိမ်နေကြသူတွေ ရှိပါတယ်။

စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာတော့ သမ္မတ Trump မိန့်ခွန်းပြောမှာကို ရီပတ်ဘလစ်ကင် ၈၁ ရာခိုင်နှုန်း နဲ့ တသီးပုဂ္ဂလ ၅၅ ရာခိုင်နှုန်းက ထောက်ခံသလို ဒီမိုကရက်တွေထဲကလည်း ၂၇ ရာခိုင်နှုန်းက ထောက်ခံတာတွေ့ရပါတယ်။ ဒါပေမယ့် သမ္မတမိန့်ခွန်းပြောမှာကို မကျေနပ်တဲ့ အဖွဲ့အစည်းအများအပြား ရှိနေပြီး ဆန္ဒပြခွင့်ရဖို့ လျှောက်ထားကြသလို ခွင့်ပြုမိန့်လည်း ရခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG