သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးနေ့အခမ်းအနား သမ္မတ Trump မိန့်ခွန်းပြောမည်


အမေရိကန်သမ္မတ Donald Trump (ဇွန်၊ ၂၅၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump (ဇွန်၊ ၂၅၊ ၂၀၁၉)

ဇူလိုင် ၄ ရက်နေ့ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနား ဝါရှင်တန်ဒီစီမှာတော့ ပုံမှန်လို မီးရှုးမီးပန်းတွေ ဖောက်လွှတ်ဆင်နွဲှတာအပြင် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးပြသမှု ဂုဏ်ပြုချီတက်မှုတွေကိုပါ ပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ကြိုးစားနေပါတယ်။

ဇူလိုင် ၄ ရက်နေ့ အင်္ဂါနေ့ညနေပိုင်း ဝါရှင်တန်ဒီစီက လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ မိန့်ခွန်းစကားပြောဖို့လည်း သမ္မတ Donald Trump က စီစဉ်ထားပါတယ်။ အဲဒီ အခမ်းအနား ရှေ့ဆုံးမှာ အထူးဧည့်သည်တွေအတွက် နေရာပြင်ဆင်ပြီး အဲဒီအတွက်လက်မှတ်နေရာတွေကို သမ္မတအိမ်ဖြူတော်က စီစဉ်ဖြန့်ပေးမှာပါ။

၁၇၇၆ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေး ယူရလာတဲ့ အမေရိကန်ပြည်ထောင်စုဟာ အဲဒီနေ့ရောက်တိုင်း အမေရိကန်ပြည်ထောင်စုကို စတင်လိုက်တဲ့ လွတ်လပ်ရေးနေ့ဆိုပြီး အခမ်းအနားကျင်းပပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမိုင်းမှာတော့ ဒီနေ့ကို အရေးကြီးတဲ့ နိုင်ငံရေးနေ့အဖြစ် သတ်မှတ်ကြသလို အစဉ်အလာ အခမ်းအနားတွေမှာလည်း ပါတီတခုခု၊ အုပ်စုတခုခု၊ နိုင်ငံရေးအခြေခံတခုခုကို အလေးပေးတာမျိုး ရှောင်ကြလေ့ရှိပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ နီးလာပြီမို့ အခု ဒီလွတ်လပ်ရေးနေ့အခမ်းအနားကို သမ္မတအနေနဲ့ သူ့နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်လာမှာကို သမိုင်းဆရာအချို့က စိုးရိမ်ကြောင်းပြောနေပါတယ်။

အမေရိကန်သမ္မတတဦးကိုယ်တိုင် ဒီလွတ်လပ်ရေးအခမ်းအနားမှာ ပါဝင်လာခြင်းဟာ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်လို့ အစဉ်အလာသဘာဝကို ပြောင်းလဲစေတယ်လို့ အမေရိကန်သမိုင်းအဖွဲ့အစည်းကြီးရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Jim Grossman က ဝေဖန်ပါတယ်။

စစ်တမ်းသစ်တခုမှာတော့ အခု ဇူလိုင် ၄ ရက် သမ္မတ မိန့်ခွန်းပြောမယ့်အပေါ် အမေရိကန်အများစုက လက်ခံတာ တွေ့ရပါတယ်။ ရီပတ်ပလင်ကန် ၈၁ ရာခိုင်နှုန်း၊ ဒီမိုကရက် ၂၇ ရာခိုင်နှုန်းနဲ့ သီးခြားလွတ်လပ်သူ ၅၅ ရာခိုင်နှုန်းတို့က သမ္မတ မိန့်ခွန်းပြောမယ့် ဒီအစီအစဉ်ကို လက်ခံတယ်လို့ အဲဒီ စစ်တမ်းမှာဖော်ပြပါတယ်။

အခုနှစ် အမေရိကန်လွတ်လပ်ရေးနေ့မှာတော့ မီးရှုးမီးပန်းဖောက်လွှတ်တာကိုလည်း အရင်နှစ်ကထက် ပိုလုပ်ဖို့ စီစဉ်ထားပါတယ်။

အရင်ဆုံး လင်ကွန်းအမှတ်တရ အဆောက်အဦးနောက်ကနေ မီးရှုးမီးပန်းဖောက်ပြီး၊ နောက်မှာ အဲဒီကနေ မိုင်အနည်းငယ်ပဲ ဝေးတဲ့ ပန်းခြံတခုထဲကနေ နောက်ထပ် မီးရှုးမီးပန်းတွေ ထပ်မံ ဖောက်လွှတ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်သမ္မတ Donald Trump (ဇွန်၊ ၂၅၊ ၂၀၁၉)
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG