သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim တွေ့ဆုံမှုအပေါ် တုံြ့ပန်မှုတွေ ထွက်ပေါ်


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ တနင်္ဂနွေနေ့က တတိယအကြိမ် တွေ့ဆုံမှု အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် Antonio Guterres က ကြိုဆိုလိုက်ပါတယ်။ အခုလို ကြိုဆိုသူတွေ ရှိနေပေမယ့် မြောက်ကိုရီးယားဘက်က သူ့ရဲ့ နျူးကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး တိတိကျကျ လုပ်ဆောင်တာ ဘာတခုမှ မရှိသေးချိန်မှာ သမ္မတ Trump ဘက်က လိုတာထက်ပို အလေးပေးတဲ့ သဘောဖြစ်နေတဲ့အတွက် စစ်မှန်တဲ့သံတမန်ရေးနည်းကို သုံးဖို့ လိုတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်သမ္မတ Donald Trump ဟာ တနင်္ဂနွေနေ့က ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုံကို ဖြတ်ပြီး Panmunjom နယ်စပ်မြို့ကလေးမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုဟာ မိနစ် ၅၀ လောက် ကြာမြင့်ခဲ့တာ ဖြစ်ပြီး အခုလို တွေ့ဆုံမှု အပြီးမှာတော့ သူတို့ ၂ ဦးဟာ အလုပ်သဘောအဆင့် ဆွေးနွေးပွဲတွေ ပြန်စရေးအတွက် ကိုယ်စားလှယ်အဖွဲ့တွေ ဖွဲ့ဖို့ သဘောတူခဲ့တယ်လို့ သမ္မတ Trump က ပြောပါတယ်။

အခုလို တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြိုဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ နယူးရောက်သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။

“Panmunjom မြို့ကလေးမှာ မြောက်ကိုရီးယား- တောင်ကိုရီးယား နဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲကို အတွင်းရေးမှူးချုပ် Antonio Guterres က ကြိုဆိုပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား အလုပ်သဘော အဆင့် ဆွေးနွေးပွဲတွေ ပြန်လည်စတင်တော့မယ် ဆိုတဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသမှာ နျူကလီယားလက်နက် အပြီးတိုင် ဖျက်သိမ်းရေးနဲ့ လုံခြုံရေးအပြင် ရေရှည်ငြိမ်းချမ်းရေး ရဖို့ပါ ရည်ရွယ်ပြီး ဆက်ဆံရေးအသစ် ထူထောင်ဖို့ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ ဆက်လက် ကြိုးပမ်းမှုကို အတွင်းရေးမှူးချုပ်က အပြည့်အဝ ထောက်ခံပါတယ်။”

ခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim က အခုလိုတွေ့ဆုံရတာအတွက် ဝမ်းသာကြောင်းပြောခဲ့သလို သမ္မတ Trump ကလည်း နောက်ထပ်တခါ တွေ့ဆုံဖို့အတွက် အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ Kim ကို ဖိတ်ခေါ်ခဲ့တာပါ။ ဒါ့အပြင် မကြာခင် သီတင်းပတ်တွေ အတွင်းမှာလည်း သူတို့ ၂ ဦး ထပ်မံတွေ့ဆုံမှာ ဖြစ်ပြီး ဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို ပြန်ပြီးစတင် တော့မှာ ဖြစ်ကြောင်းလည်းပြောပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ်ဟာ အမြန်လုပ်ဖို့ မဟုတ်ပဲ အားလုံးပြည့်စုံတဲ့ ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်ဖို့ သူတို့ ၂ ဘက်စလုံးက တကယ်လိုလားတယ် လို့လည်း သမ္မတ Trump ကပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံမှုကို ပုပ်ရဟန်မင်းကြီး Francis ကလည်း ကြိုဆိုလိုက်ပြီး ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတရပ်ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“တနင်္ဂနွေနေ့က ကိုရီးယားမှာတွေ့လိုက်ရတဲ့ ဖြစ်ရပ်ဟာ တွေ့ဆုံဆွေနွေးခြင်းရဲ့ ကောင်းမွန်တဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ပါဝင်သူတွေအားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်အတွက်သာမကပဲ ကမ္ဘာကြီးတစ်လုံးရဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့ ခြေတစ်လှမ်းဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။”

အိမ်နီးချင်း မြောက်ကိုရီးယားဖက်က နျူးကလီးယားစမ်းသပ်မှုတွေကြောင့် တောင်ကိုရီးယားနိုင်ငံတွင်း နေထိုင်သူ အတော်တေ်ာများများ အတွက်တော့ ဘဝတလျှောက်လုံးလိုလို စိုးရိမ်ပူပန်မှုတွေနဲ့ နေလာကြရတာကြောင့် အခုလို ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လုပ်ရပ်ကြောင့် မျှော်လင့်ချက်တွေ တိုးလာစေတာပါ။

ဒါပေမယ့် ဝေဖန်သူတချို့ကတော့ အခုလိုတွေ့ဆုံမှုဟာ အနှစ်သာရမပါတဲ့ အပေါ်ယံတွေ့ဆုံမှု သက်သက်ပဲဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိသလို မြောက်ကိုရီးယားဘက်က သူ့ရဲ့ နျူးကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး တိတိကျကျ လုပ်ဆောင်တာ ဘာတခုမှ မရှိသေးချိန်မှာ သမ္မတ Trump ဘက်က လိုတာထက်ပို အလေးပေးတဲ့ သဘောဖြစ်နေတယ်လို့ မြင်တဲ့သူလည်း ရှိပါတယ်။ ဒါ့အပြင် အခုလိုတွေ့ဆုံမှုကနေ အကျိုးအမြတ်ရသူက မြောက်ကိုရီးယားခေါင်းဆောင်ပဲ ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် Bernie Sanders ကတော့ အမေရိကန်ဟာ စစ်မှန်တဲ့ သံတမာန်ရေးနည်းလမ်းကို သုံးဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

“ကင်ဂျုံအွန်းနဲ့ မြောက်ကိုရီးယားမှာပဲ တွေ့တွေ့ တခြားဘယ်နေရာမှာပဲ တွေ့တွေ့ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့်လည်း ဓါတ်ပုံအရိုက်ခံဖို့ သက်သက်တော့ ကျွန်တော် မတွေ့ချင်ပါဘူး။ တကမ္ဘာလုံး မီဒီယာတွေ အဲဒီအပေါ်အာရုံစိုက်နေကြပေမယ့် မနက်ဖြန်ဘာဖြစ်မယ် နောက်တစ်နေ့ဘာဖြစ်မလဲဆိုတာ ဘယ်သူသေချာမသိသေးပါဘူး။”

သမ္မတ Trump နဲ့ Kim တို့ရဲ့ အခု တွေ့ဆုံပွဲဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ မနှစ်က ဇွန်လမှာ စင်္ကာပူမှာ ပထမဆုံး တွေ့ဆုံခဲ့ပြီး ဖေဖေါ်ဝါရီလမှာတော့ ဗီယက်နမ်မှာ တွေ့ဆုံခဲ့တာပါ။

ဒီတနင်္ဂနွေနေ့ တွေ့ဆုံပွဲကနေ တိုးတက်မှု ဘယ်လောက် ရခဲ့တယ်ဆိုတာတော့ သဲသဲကွဲကွဲ မသိရ သေးပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယားကို အမေရိကန်သမ္မတအဖြစ် ပထမဆုံး သွားရောက်တဲ့ သမ္မတ Trump ကတော့ မကြာခင်မှာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား နျူးကလီယားဆွေနွေးရေးစကားဝိုင်းကို ပြန်စတင်တော့ မယ်လို့ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG