အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန်က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်တွေ နောက်ထပ် တိုးမြှင့်ကောက်ခံသွားမယ့်ကိစ္စကို အခုလောလောဆယ်မှာ ရပ်ဆိုင်းပြီး နှစ် နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ ကုန်သွယ်ခွန်တွေ တိုးမြှင့်ကောက်ခံသွားမယ့် ကိစ္စတွေကိုတော့ အခုလောလောဆယ်မှာ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ သမ္မတထရမ့်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေ တရုတ် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းဖို့ သူ့အနေနဲ့ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပခဲ့တဲ့ G-20 အစည်းအဝေး အပြီး ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနတွေက Huawei ရဲ့ နည်းပညာ Software တွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။ ဟွာဝေးကိစ္စကိုတော့ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ အဓိကထားဆွေးနွေးမှာ မဟုတ်ဘဲ နောက်ဆုံးမှ ဆွေးနွေးကျဖို့ သဘောတူထားတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်သမ္မတထရမ့် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ G-20 အစည်းအဝေးရဲ့ ပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တရုတ်သမ္မတနဲ့ ဆွေးနွေးမှုဟာ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း တရုတ်နိုင်ငံဘက်ကလည်း အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ရချင်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။